32.1 C
Yangon

စစ်အာဏာသိမ်းခိုင်းသော မိသားစုအဖြစ် အွန်လိုင်းတွင် ဝေဖန်ခဲ့သော ပြည်သူ ၄ ဦးကို ၁ ဦးလျှင် ကျပ်သိန်း ၃၀၀ နှုန်းဖြင့် စုစုပေါင်း သိန်း ၁၂၀၀ ကျပ် ဗိုလ်ချုပ်ဟောင်းစိုးသိန်းနှင့်သားဖြစ်သူ အေးချမ်းထံသို့ လျှော်ကြေးပေးရန် ကမာရွတ်ခရိုင်တရားသူကြီး ထွန်နိုင်ဝင်းက အမိန့်ချမှတ်

Must read

ရန်ကုန်၊ မေ ၄

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်အာဏာသိမ်းခိုင်းသော မိသားစုအဖြစ် ဗိုလ်ချုပ်ဟောင်း စိုးသိန်းနှင့်သားဖြစ်သူ အေးချမ်းတို့ကို လူမှုကွန်ရက်တွင် ပို့စ်များ ရှယ်၍ဝေဖန်ခဲ့သော ပြည်သူ ၄ ဦးကို ၁ ဦးလျှင် ငွေကျပ် သိန်း ၃၀၀ နှုန်းဖြင့် စုစု ပေါင်း သိန်း ၁၂၀၀ လျှော်ကြေးပေးရန် ကမာရွတ်ခရိုင်တရားသူကြီး ထွန်းနိုင်ဝင်းက အမိန့်ချလိုက်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

စစ်အာဏာသိမ်းမှု၏ လက်သည်တရားခံအဖြစ် ဗိုလ်ချုပ်ဟောင်း စိုးသိန်း မိသားစုကို လူမှုကွန်ရက်တွင် ဝေဖန်ရေးသားခြင်း၊ ပို့စ်များ ရှယ်သော ပြည်သူ ၁၅ ဦးထက်မနည်းကို စိုးသိန်းနှင့် သားဖြစ်သူ အေးချမ်းတို့က ကမာရွတ်မြို့နယ်၊ ဗဟန်း မြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ်တို့တွင် ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၆၆ (ဃ) တို့ဖြင့် အမှုဖွင့်သည့်အပြင် တရားမ ကြောင်းဖြင့်ပါ ငွေကျပ် သိန်းထောင်ချီလျှော်ကြေးပေးရန် ၂၀၂၂ ခုနှစ်အတွင်း တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအမှုများအနက်မှ ကမာရွတ်ခရိုင်တရားရုံးတွင် တရားစွဲထားသော အမှုအတွက် ယခုရက်ပိုင်းအတွင်း ကမာရွတ်ခရိုင် ဒုတိ ယ ခရိုင်တရားသူကြီး ၁ ထွန်းနိုင်ဝင်း က ဗိုလ်ချုပ်ဟောင်း စိုးသိန်းနှင့် သားဖြစ်သူ အေးချမ်းတို့ကို ဂုဏ်သိက္ခာ ထိခိုက်စေရန် ပြည်သူ ၄ ဦးက လုပ်ဆောင်ခဲ့သည်ဟုဆိုကာ တရားမကြောင်းအရ ပြည်သူ ၁ ဦးလျှင် ငွေကျပ် သိန်း ၃၀၀ နှုန်းဖြင့် ငွေကျပ် သိန်း ၁၂၀၀ ပေးရန် အမိန့်ချမှတ်ခဲ့သည်ဟု သိရှိရသည်။

ဗိုလ်ချုပ်ဟောင်း စိုးသိန်းနှင့် သား အေးချမ်းတို့က ဖေ့ဘုတ်စ် လူမှုကွန်ရက်တွင် စစ်အာဏာသိမ်းမှုကို ထောက်ခံသော မိသားစုအဖြစ် ဝေဖန်သော ပြည်သူမှန်သမျှကို မြို့နယ်ရဲတပ်ဖွဲ့များတွင် အမှုဖွင့်ခြင်း၊ မြို့နယ်တရားရုံးများတွင် တရားစွဲခြင်းနှင့် ခရိုင်တရားရုံးများတွင် သိန်းထောင်ချီ လျှော်ကြေးတောင်းမှုများ လုပ်ဆောင်နေခြင်းဖြစ် ကြောင်း၊ စိုးသိန်းသားအဖ၏ တရားစွဲခံရသူများတွင် သာမန်ပြည်သူမှစတင်၍ လုပ်ငန်းရှင်များအထိ ပါဝင်ခဲ့သည်။

စစ်တပ်အသိုင်းအ၀ိုင်းလည်း ဖြစ်သည့်အပြင် အေးချမ်းမှာ လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်၏ ကြံ့ဖွတ်ကိုယ်စားပြု ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်ရာ အဆိုပါအရှိန် အဝါများကို သုံး၍ ကမာရွတ်ခရိုင်တရားသူကြီးထွန်းနိုင်ဝင်းနှင့်ပူး ပေါင်းကာ တရားမကြောင်းအရ လျှော်ကြေးတောင်းမှုတွင် အေးချမ်းကို အနိုင်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

ကမာရွတ်ခရိုင်တရားရုံးတွင် ဂုဏ်သိက္ခာထိခိုက်နစ်နာစေသည့်အတွက် လျှော်ကြေးငွေရလိုမှုဖြင့် ပြည်သူ ၇ ဦးထံမှ တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀၀၀ စီလျှော်ကြေးပေးရန် တရားစွဲဆိုထားပြီး ကမာရွတ်ခရိုင် တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ကေသီခိုင်က အမှုကို ကိုင် တွယ်ခဲ့ပြီး အမိန့်ချမှတ်ချိန်တွင် ဒုတိယခရိုင်တရားသူကြီး ၁ ထွန်းနိုင်ဝင်းက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီးဟောင်း စိုးသိန်းသည် သမ္မတသိန်းစိန်အစိုးရလက်ထက်တွင် သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူဖြစ်ပြီး အေးချမ်းမှာမူ လုပ်ငန်းရှင်လည်းဖြစ်ကာ မင်းအောင်လှိုင်ဖွဲ့စည်းထားသော သတင်းမီဒီယာကောင်စီတွင်လည်း အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဗိုလ်ချုပ်ဟောင်း စိုးသိန်း၏ သား အေးချမ်းက သတင်းမီဒီယာကောင်စီ၏ အတွင်းရေးမှူးဖြစ်ခဲ့စဉ်က နိုင်ငံတကာ သတင်းမီဒီယာ ညီလာခံများသို့ တက်ရောက်ကာ NLD က မဲခိုးမဲလိမ်၍ စစ်တပ်က အာဏာထိန်းရကြောင်း၊ လူမှုကွန်ရက်မှတစ်ဆင့် သတင်းတု၊ သတင်းမှားများကို မီဒီယာများက ဖြန့်ဝေနေကြောင်း စသည်ဖြင့် စစ်ကောင်စီကို ကာကွယ်သော ဝါဒဖြန့်မှုများကို အကြီးအကျယ် လုပ်ဆောင်ခဲ့ဖူးသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article