ရန်ကုန်၊ မေ ၄
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်အဖွဲ့က ပဲခူးတိုင်းစစ်ဌာနသို့သွားရောက်၍ နယ်မြေအခြေအနေများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလွင်ကိုလတ်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနိုင်ကောင်းရွက်နှင့် ဦးမင်းကိုနိုင်တို့ပါဝင်သော အဖွဲ့သည် အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာနသို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခရီးစဉ်အတွင်း အမှတ်(၂)စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးနှင့် တိုင်းစစ်ဌာနတာဝန်ရှိသူများက စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအခြေအနေများ ရှင်းလင်းတင်ပြခဲ့ပြီး ပဲခူးတိုင်းစစ်ဌာနအတွင်းလှည့်လည်ကြည့်ရှုခဲ့ကြကာ ပြည်သူလူထုနှင့် တွေ့ဆုံခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)များနှင့် တွေ့ဆုံခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။






