ရန်ကုန်၊ မေ ၅
အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးကာ ထောင်ဒဏ် (၇၅) နှစ်အထိ ချမှတ်ထားခြင်းခံရသော ကရင်ပြည်နယ်ဝန်ကြီး ချုပ် ဒေါ်နန်းခင်ထွေးမြင့်မှာ လက်ရှိတွင် အာရုံကြောရောဂါများကြောင့် ဆေးရုံတက်ကုသမှုခံယူခဲ့ရကြောင်း သိရှိရသည်။
အသက် (၇၂) နှစ်ရှိပြီဖြစ်သည့် ဒေါ်နန်းခင်ထွေးမြင့်သည် ဘားအံအကျဉ်း ထောင်တွင် အကျဉ်းကျခံနေရစဉ်အတွင်း ကျန်းမာရေးချို့ယွင်းလာသဖြင့် ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရခြင်းဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့်အပတ်က ဘားအံဆေးရုံသို့ အရေးပေါ်အခြေအနေဖြင့် ၃ ရက်ကြာ တက်ရောက်ကုသမှုခံယူခဲ့ရပြီး၊ အာရုံကြောပြဿနာအပြင် ခေါင်းမူးခေါင်းကိုက်ဝေဒနာများကိုလည်း ခံစားနေရသည်။ သို့သော် စစ်ကောင်စီသည် ၎င်းကို ဆေးရုံတွင် (၃) ရက်သာ ထားရှိပြီး ဘားအံထောင်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်ဟု သိရသည်။
ဒေါ်နန်းခင်ထွေးမြင့်သည် လာမည့် မေလ (၁၀) ရက်နေ့တွင် အသက် (၇၂) နှစ်ပြည့်မြောက်မည်ဖြစ်သည်။ ၎င်းသည် ၁၉၇၅ ခုနှစ်ကတည်းက နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့သူဖြစ်ပြီး စစ်အစိုးရအဆက်ဆက် ယုံကြည်ချက်အတွက် အကျဉ်းချခံခဲ့ရသူဖြစ်သည်။ စစ်တပ်အာဏာသိမ်းချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရအဖွဲ့၌ တစ်ဦးတည်းသော အမျိုးသမီးဝန်ကြီးချုပ်ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်၏ အယုံကြည်ရဆုံးသော လက်ရုံးတစ်ဦးလည်း ဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီသည် ဒေါ်နန်းခင်ထွေးမြင့်ကို မတရားသော ပုဒ်မများဖြင့် ထောင်ဒဏ်နှစ်ရှည် ချမှတ်ထားရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အမှု ၅ မှုအတွက် တစ်မှုလျှင် ၁၅ နှစ်စီဖြင့် စုစုပေါင်း ၇၅ နှစ်၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၇၇ နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။
စစ်တပ်က မတရား စွဲဆိုထားသော အဂတိမှုများတွင် နိုင်ငံရေးရာထူးတာဝန်ယူစဉ်က ကားမတော်တဆဖြစ်၍ ဆေးကုသမှုခံယူရာ၌ ကျပ် ၁၃ သိန်း ပြန်သွင်းရန် ကျန်ရှိနေသည့်အချက်နှင့် ပြည်နယ်အစိုးရရန်ပုံငွေများကို လူပုဂ္ဂိုလ်များအား ချေးငှားရာတွင် အကြွေးပြန်မတောင်းနိုင်ခဲ့သည့် အချက်များ ပါဝင်သည်။
ထို့အပြင် ၎င်းနှင့်အတူ ကရင်ပြည်နယ် စီမံ/ဘဏ္ဍာနှင့် စည်ပင်ဝန်ကြီး ဦးသန်းနိုင်ကိုလည်း ထောင်ဒဏ် စုစုပေါင်း ၉၂ နှစ် ချမှတ်ထားသည်။




