33.5 C
Yangon

စစ်ပွဲ၏ အဆုံးအဖြတ်မှာ လက်နက်အင်အားထက် တိုက်ပွဲဝင်နေသူများ၏ မယိမ်းယိုင်သည့် ယုံကြည်ချက်အပေါ် မူတည်နေဟု NUG ဝန်ကြီးချုပ် ပြော

Must read

ရန်ကုန်၊ မေ ၅

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက စစ်ပွဲတစ်ခု၏ အဆုံး အဖြတ်သည် လက်နက်အင်အားအသာအယာပေါ် မူတည်ခြင်းမဟုတ်ဘဲ တိုက်ပွဲဝင်နေသူများ၏ မယိမ်းယိုင်သည့် ယုံကြည်ချက်နှင့် စိတ်ဓာတ်ခိုင်မာမှုအပေါ်တွင်သာ အဓိက မူတည်ကြောင်း ပြောကြားလိုက်သည်။

ယနေ့ မေလ ၅ ရက်နေ့တွင် ကျရောက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ်နေ့ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်- PDF သည် ပြည်သူလူထုမှ ပေါက်ဖွားလာသော ဖက်ဒရယ်တပ်မတော်၏ အစ ပြုအမြစ်ဖြစ်ပြီး ၅ နှစ်တာကာလအတွင်း စစ်အာဏာရှင်စနစ် ဖယ်ရှားရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စု တည်ဆောက်ရေးအတွက် အသက်၊ သွေး၊ ချွေးများ ပေးဆပ်ကာ တိုက်ပွဲဝင်ခဲ့ကြသည့် တော်လှန်ရေးရဲဘော်များကို ဂုဏ်ပြုခဲ့သည်။

ထို့ပြင် PDF တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လူမဆန်သော ဖိနှိပ်မှုများကြားတွင် ပြည်သူနှင့်အတူ ခက်ခဲစွာ ရုန်းကန်ခဲ့ကြပြီး နိုင်ငံတစ်ဝန်းတွင် တော်လှန်ရေးအောင်မြင်မှုများကို ရရှိခဲ့ကြောင်းလည်း အလေးပေး ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုများကြောင့် ပြည်သူများ မလွှဲမရှောင် လက်နက်ကိုင်တိုက် ပွဲဝင်ရခြင်းဖြစ်ကြောင်းနှင့် စတင်စဉ်က လက်လုပ်လက်နက်များဖြင့်သာ တိုက်ပွဲဝင်ခဲ့သော်လည်း ယနေ့အချိန်တွင် စနစ်တကျ ဖွဲ့စည်းထားသည့် စစ်တပ်တစ်ရပ်အဖြစ် တိုးတက်လာခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

လွန်ခဲ့သော (၅) နှစ်တာကာလအတွင်း PDF နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား စစ်ရေးပူးပေါင်းမှုများကြောင့် စစ်ကောင်စီ၏ အရေးပါသည့် စစ်စခန်းများနှင့် မြို့နယ်အများအပြားကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး ခုခံစစ်မှ တန်ပြန်ထိုးစစ်သို့ ပြောင်းလဲနိုင်ခဲ့ကြောင်းလည်း ထောက်ပြခဲ့သည်။

သို့သော် တချို့ဒေသများတွင် ပြည်သူလူထု၏ အသက်နှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်အတွက် နည်းဗျူဟာအရ ဆုတ်ခွာခြင်းများ ပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်း၊ ယင်းသည် အားနည်းမှုမဟုတ်ဘဲ ရှေ့ဆက်စစ်ရေးအတွက် အင်အားစုဆောင်းခြင်းသာဖြစ်ကြောင်း ဝန်ကြီးချုပ်က ရှင်းလင်းပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က ထပ်မံ၍ တော်လှန်ရေးသည် အချိန်တိုအတွင်း အပြီးသတ်နိုင်သော အပြေးပြိုင်ပွဲမဟုတ်ဘဲ ရေရှည်ခရီးတစ်ခုဖြစ်ကြောင်း၊ ထိုခရီးတွင် ဇွဲနှင့် သတ္တိရှိသူများသာ အောင်မြင်နိုင်ကြောင်း အားပေးပြောကြားခဲ့သည်။

ထို့အပြင် စစ်တပ်တစ်ခု၏ အင်အားသည် လက်နက်များသာမက စစ်ဘက်ကျင့်ဝတ်၊ လူ့အခွင့်အရေး လေးစားမှုနှင့် ပြည်သူအပေါ် ဆက်ဆံပုံတို့တွင်လည်း တည်ရှိကြောင်း၊ PDF တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ၏ ယုံ ကြည်မှုကို ထိန်းသိမ်းရန် အထူးလိုအပ်ကြောင်း အလေးထား ပြောကြားခဲ့သည်။

အထူးသဖြင့် ပြည်သူလူထု၊ အမျိုးသမီးနှင့် ကလေးငယ်များကို ကာကွယ်ရန်၊ ပြည်သူပိုင်ပစ္စည်းများကို မထိခိုက်စေရန်နှင့် စစ်သုံ့ပန်းများကို လူသားဆန်စွာ ဆက်ဆံရန် လိုအပ်ကြောင်းလည်း တိုက်တွန်းခဲ့သည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီသည် လက်နက်အင်အားနှင့် လေကြောင်းပစ်ကူများအသာဖြင့် ထိုးစစ်ဆင်နေသည့်အပြင် တော်လှန်ရေးစိတ်ဓာတ်ကို ဖြိုလဲရန် သတင်းမှားများနှင့် ဝါဒဖြန့်မှုများကိုလည်း အဆက်မပြတ် အသုံးပြုနေကြောင်း သတိပေးခဲ့သည်။

သို့သော် ရန်သူသည် စိတ်ဓာတ်ကို မဖြိုလဲနိုင်ပါက ထိုစိတ်ဓာတ်ပင် အောင်ပွဲသို့ ဦးတည်စေမည်ဖြစ်ကြောင်းနှင့် စစ်ပွဲ၏ အဆုံးအဖြတ်သည် လက်နက်ထက် ယုံကြည်ချက်ပေါ်တွင်သာ မူတည်ကြောင်း ထပ်လောင်း အလေးပေး ပြောကြားသည်။

NUG ဝန်ကြီးချုပ်က တော်လှန်ရေးခရီးစဉ်သည် စိန်ခေါ်မှုများနှင့် ဆက်လက် ရင်ဆိုင်ရမည်ဖြစ်သော်လည်း ပြည်သူလူထု၏ မယိမ်းမယိုင် ထောက်ခံမှုနှင့် တော်လှန်ရေးအင်အားစုများ၏ စည်းလုံးညီညွတ်မှုဖြင့် စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို မကြာမီ တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article