ရန်ကုန်၊ မေ ၆
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ စက်သုံးဆီ ဆီဆိုင်အချို့နှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) မှ ဝန်ထမ်းအချို့ ပူးပေါင်းပြီး ပြည်သူပိုင်ကားများ၏ QR ဆီခွဲတမ်းများကို မသမာနည်းဖြင့် ခေါင်းပုံဖြတ်ကာ မှောင်ခိုထုတ်ရောင်းနေကြကြောင်း ယင်းဖြစ်စဉ်ကို သိရှိထားသော စက်သုံးဆီဆိုင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ပြင်ဦးလွင်မြို့ရှိ ခရိုနီဦးတေပိုင် “ထူး” စက်သုံးဆီဆိုင် အပါအဝင် ဆီဆိုင်ကြီးအချို့ရှိ ဝန်ထမ်းများက ကညနဝန်ထမ်းများထံမှ ကားပိုင်ရှင်များ၏ ဝှီးတက် (Wheel Tax) မိတ္တူများကို ငွေပေးဝယ်ယူကာ မိမိတို့ဘာသာ QR Scan ဖတ်၍ အရောင်းပြစာရင်းများ ပြုလုပ်နေကြခြင်းဖြစ်သည်။
ထိုသို့လုပ်ဆောင်ခြင်းဖြင့် ရေနံရုံး (စွမ်းအင်ဝန်ကြီးဌာန) ထံမှ ဆီခွဲတမ်း (PO) များ ပိုမိုရရှိအောင် လုပ်ဆောင်ပြီးနောက် ရရှိလာသည့် စက်သုံးဆီများကို အပြင်ဈေးကွက်တွင် မှောင်ခိုထုတ်ရောင်းကာ ကိုယ်ကျိုးရှာနေကြခြင်းဖြစ်သည်။
“ဆီဆိုင်ဝန်ထမ်း အချင်းချင်းဆီက သိရတာကတော့ ပြင်ဦးလွင်က ထူးဆီဆိုင်တွေမှာ ကညနက ဝှီးတက်တွေတောင်း၊ မိတ္တူကူးပြီး QR ဖတ်၊ လီတာထည့်ပြီး ဆီခွဲတမ်းပိုရအောင် လုပ်နေတာပါ။ မူလကားပိုင်ရှင်တွေတော့ နစ်နာမယ်၊ သူတို့ဝှီးတက်တွေ သုံးပြီး လုပ်စားနေတာ။”ဟု စက်သုံးဆီအသိုင်းအ၀ိုင်း သတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ မသမာမှုများကြောင့် အမှန်တကယ် ဆီထည့်ရန် သွားရောက်သည့် ကားပိုင်ရှင်များမှာ မိမိတို့၏ QR ကုဒ်ကို စစ်ဆေးသည့်အခါ “ဆီထည့်ပြီးသား” ဖြစ်နေသဖြင့် ခွဲတမ်းဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရသည်။ ပြင်ဦးလွင်ရှိ ထူးဆီဆိုင်တွင် အသုံးပြုနေသော QR မိတ္တူအများစုမှာ ရန်ကုန်လိုင်စင်ရ Taxi များနှင့် ကားများဖြစ်နေသည်ကို တွေ့ရှိရသည်။
“အဲ့ဒီ ဝှီးတက်ပိုင်ရှင်ကားတွေ အမှန်တကယ် ဆီသွားထည့်တော့ ထည့်ပြီးသားဆိုပြီး ဆီမရတော့ဘူး။ ဝှီးတက်အပွားလို့ ထင်ရပေမဲ့ အပွားမဟုတ်ဘဲ မိတ္တူတွေကို QR scan ဖတ်ပြီး ထူးဆီဆိုင်က လုပ်စားတာ ဖြစ်နေတာ။”ဟု စက်သုံးဆီဆိုင်သတင်းရင်းမြစ်က ဆိုသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကားပိုင်ရှင်များက သက်ဆိုင်ရာဌာနများသို့ သွားရောက်ဖြေရှင်းသော်လည်း တိကျသော အရေးယူဆောင်ရွက်မှု မရှိဘဲ တစ်ဦးနှင့်တစ်ဦး လွှဲချနေကြကြောင်း သိရသည်။
“ရေနံရုံးနဲ့ ကညနက ကားပိုင်ရှင်တွေကို ဖြေရှင်းမပေးဘဲ ဘောလီဘောပုတ်နေတာ ကြာပြီ။ ခရိုနီဆိုင်တွေက ရေနံရုံးက စစ်ဆေးရင်လည်း ငွေနဲ့ရှင်းနိုင်တော့ လုပ်နေကြတာ။”ဟု စက်သုံးဆီအသိုင်းအ၀ိုင်း သတင်းရင်းမြစ်က ရှင်းပြသည်။
စစ်တပ်က QR စနစ်ကို အောင်မြင်သည်ဟု ကြွေးကြော်နေသော်လည်း မြေပြင်တွင် မသမာသူများအတွက် လုပ်စားခွင်ကြီး ဖြစ်နေပြီး ပြည်သူများသာ ခေါင်းပုံဖြတ်ခံနေရကြောင်း သတင်းရင်းမြစ်က ထောက်ပြထားသည်။
“အခု QR စနစ်ကို အောင်မြင်တယ် ထင်နေတာ။ တကယ်က လုပ်စားခွင်တွေ ဖြစ်ကုန်ပြီ။ ကားပိုင်ရှင် ပြည်သူက ခံရတာ၊ ဆီလည်း အပြည့်မရ၊ ကိုယ့်ခွဲတမ်းလည်း ခေါင်းပုံဖြတ်ခံရတယ်။”ဟု အဆိုပါသတင်းရင်းမြစ်က ရှင်းပြသည်။
လက်ရှိတွင် ပြင်ဦးလွင်မြို့အပါအဝင် နိုင်ငံအနှံ့အပြား၌ ဖြစ်ပေါ်နေသော ယင်းကဲ့သို့သော မသမာမှုများအတွက် သက်ဆိုင်ရာ က တစ်စုံတစ်ရာ အရေးယူမှုမရှိဘဲ ပြည်သူများသာ အဓိကနစ်နာနေခြင်းဖြစ်ကြောင်း သိရှိရသည်။





