ရန်ကုန်၊ မေ ၇
မြန်မာ့အရေး ဖြေရှင်းရန် ချမှတ်ထားသော အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို စွန့်လွှတ်ပြီး ဦးဝင်းမြင့်ကို မြန်မာနိုင်ငံတော်သမ္မတအဖြစ် အာဆီယံက ဆက်အသိ အမှတ်ပြုရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးဟောင်းများနှင့် ကုလသမဂ္ဂအရာရှိ ကိုယ် စားလှယ်ဟောင်းများက ယမန်နေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။
အဆိုပါတောင်းဆိုချက်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ကဆစ်ပီရွမ်၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဆိုင်ဖူဒင်အဗ္ဗဒူလာ၊ ဖိလစ်ပိုင်အထက်လွှတ်တော်အမတ် လိုင်လာဒီလီမာနှင့် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ကျွမ်းကျင်သူ ၃ ဦးဖြစ်ကြသည့် Yanghee Lee ၊ Marzuki Darusman ၊ Chris Sidoti တို့က လက်မှတ်ရေးထိုးတောင်းဆိုလိုက်ခြင်းဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ကျင်းပနေသည့် ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ မအောင်မြင်တော့သည့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ် (5PC) ကို စွန့်လွှတ်ရန်နှင့် ဦးဝင်းမြင့်အား မြန်မာနိုင်ငံ၏ တရားဝင်သမ္မတအဖြစ် အာဆီယံက ဆက်လက်အသိအမှတ်ပြုရန် တိုက်တွန်းတောင်းဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ထုတ်ပြန်သည့် ပူးတွဲထုတ်ပြန်ချက်တွင် အာဆီယံအနေဖြင့် လက်ရှိကျင့်သုံးနေသော မူဝါဒဟောင်းများကို ပြောင်းလဲပြီး နည်းလမ်းသစ်များဖြင့် မြန်မာ့အရေးကို ကိုင်တွယ်ရန် အလေးအနက် တိုက်တွန်းထားသည်။
အာဆီယံအနေဖြင့် ဦးဝင်းမြင့်အား မြန်မာနိုင်ငံ၏ တရားဝင်သမ္မတအဖြစ် ဆက်လက်အသိအမှတ်ပြုထားရန်နှင့် စစ်အုပ်စု၏ နိုင်ငံရေးအရ အသိအမှတ်ပြုခံရမှု မှန်သမျှကို ဖြတ်တောက်ရန် တောင်းဆိုခဲ့ကြသည်။
စစ်အုပ်စုသည် အာဆီယံ၏ ထိန်းသိမ်းမှုကို အခွင့်ကောင်းယူကာ အရပ်သားများအပေါ် အကြမ်းဖက်မှုများကိုသာ တိုးမြှင့်လုပ်ဆောင်နေကြောင်း SAC-M က ထောက်ပြထားသည်။
“စစ်အုပ်စုရဲ့ လက်ချက်နဲ့ နှစ်ရှည်လများ အရှက်ရခဲ့ပြီးနောက် အာဆီယံအနေနဲ့ ကျားသစ်ရဲ့ အစက်အပြောက်ဟာ ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူးဆိုတာကို လက်ခံရပါလိမ့်မယ်” ဟု ပူးတွဲထုတ်ပြန်ကြေညာချက်တွင် ပြင်းပြင်းထန်ထန် ဖော်ပြထားသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်သည်ဟူသော သတင်းများနှင့် စစ်အုပ်စု၏ ရွေးကောက်ပွဲများသည် နိုင်ငံတကာ၏ တရားဝင်မှုကို ရရှိရန်အတွက်သာ လုပ်ဆောင်သည့် ဟန်ပြခြေလှမ်းများဖြစ်ကြောင်းလည်း သတိပေးထားသည်။
အာဆီယံခေါင်းဆောင်များအနေဖြင့် အာဆီယံအစည်းအဝေးများသို့ မြန်မာ စစ်အုပ်စု၏ ထိပ်ပိုင်းခေါင်းဆောင်များသာမက လုပ်ငန်းအဆင့် အရာရှိများကိုပါ တက်ရောက်ခွင့် ပိတ်ပင်ရန်၊ နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများအပါအဝင် နိုင်ငံတစ်ဝန်းရှိ အကူအညီလိုအပ်သူများထံ အကူအညီများ အပြည့်အဝရောက်ရှိနိုင်ရန် ဖိအားပေးဆောင်ရွက်ရန်၊ အာဆီယံမြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ကို အချိန်ပြည့် တာဝန်ထမ်းဆောင်သည့် ရေရှည်ခန့်အပ်မှုအဖြစ် အဆင့်မြှင့်တင်ပြီး အရင်းအမြစ်များ ပိုမိုထောက်ပံ့ပေးရန် တောင်းဆိုထားသည်။
၂၀၂၆ ခုနှစ်၊ မတ်လအတွင်းမှာတင် စစ်အုပ်စု၏ တိုက်ခိုက်မှုများကြောင့် အရပ်သား ၅၀၀ ကျော် သေဆုံးခဲ့ရပြီး အာဏာသိမ်းပြီးနောက်ပိုင်း အသေအပျောက် အများဆုံးလ ဖြစ်ခဲ့ကြောင်း SAC-M က ဆိုသည်။
ထို့ကြောင့် ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ယခုစီဘူးထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များအနေဖြင့် မြန်မာ့အရေးအတွက် ပိုမိုပြတ်သားသည့် ဆုံးဖြတ်ချက်များ ချမှတ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ထောက်ပြထားသည်။






