ရန်ကုန်၊ မေ ၇
အကြမ်းဖက်မြန်မာစစ်အုပ်စုအတွက် လော်ဘီလုပ်ပေးမှုအတွက် အမေရိကန် DCI Group ကို Justice For Myanmar က ရှုတ်ချကြောင်း ယမန်နေ့ ထုတ်ပြန်ကြေညာသည်။
မြန်မာအကြမ်းဖက်စစ်အုပ်စုက ၎င်းတို့အပေါ် ချမှတ်ထားသော နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်ရှားရန်နှင့် အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးပြန်လည်တည်ဆောက်ရန်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မိတ်ဆွေဟောင်း ရော်ဂျာစတုန်း (Roger Stone) နှင့် DCI Group တို့ကို ဒေါ်လာသန်းချီပေး၍ ငှားရမ်းထားကြောင်း အမေရိကန်နိုင်ငံခြားကိုယ်စားလှယ်များ မှတ်ပုံတင်အက်ဥပဒေ (FARA) မှတ်တမ်းများအရ သိရှိရသည်။
အဆိုပါမှတ်တမ်းများအရ စစ်အုပ်စု၏ ပြန်ကြားရေးဝန်ကြီးဌာနနှင့် DCI Group တို့အကြား အမေရိကန်ဒေါ်လာ ၃ သန်းတန်ဖိုးရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပြီး၊ သမ္မတထရမ့်က ၂၀၂၀ ပြည့်နှစ်တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သူ ရော်ဂျာစတုန်းသည် အဆိုပါလုပ်ငန်းတွင် အကြံပေးအဖြစ် ပါဝင်မည်ဖြစ်သည်။ စတုန်းသည် ၎င်း၏ဝန်ဆောင်မှုအတွက် တစ်လလျှင် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ရရှိမည်ဖြစ်ပြီး၊ ဧပြီလ ၂၉ ရက်နေ့က တင်သွင်းခဲ့သည့် မှတ်တမ်းများတွင် ယခုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။
Justice For Myanmar (JFM) ၏ ထုတ်ဖော်ချက်အရ စစ်အုပ်စုသည် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်ရှားရန်အတွက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အား ဖျက်သိမ်းကာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းရေးကော်မရှင် (SSPC) အဖြစ် အမည်ပြောင်းလဲခဲ့သည်။
သို့သော် အမှန်တကယ်တွင် စာချုပ်ကို SAC အမည်ဖြင့် ရှိနေစဉ် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့ကတည်းက ကြိုတင်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး၊ အမည်ပြောင်းပြီးနောက်မှသာ FARA တွင် မှတ်ပုံတင်ခဲ့ခြင်းမှာ ဒဏ်ခတ်ပိတ်ဆို့မှု ဟာကွက်များကို အသုံးချရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း သိရသည်။
JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ရော်ဂျာစတုန်းနဲ့ DCI Group ဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုဆီကနေ ညစ်ညမ်းတဲ့ငွေတွေကို အကျိုးအမြတ်အဖြစ် ရယူနေတာဖြစ်ပါတယ်။ စစ်အုပ်စုက အမည်ပြောင်းလဲပြီးမှ စာချုပ်ကို မှတ်တမ်းတင်တာဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ရှားဖို့ သိသာတဲ့ ကြိုးပမ်းမှုဖြစ်တယ်။ ဒီစာချုပ်ဟာ အမေရိကန်က ပိတ်ဆို့ထားတဲ့ သဘာဝသယံဇာတကဏ္ဍတွေကို အကျိုးဖြစ်ထွန်းစေမှာဖြစ်ပြီး၊ အဆိုပါငွေတွေဟာ စာသင်ကျောင်းတွေ၊ ဘုရားကျောင်းတွေနဲ့ ဆေးရုံတွေကို တိုက်ခိုက်ဖို့ ငွေကြေးထောက်ပံ့ရာမှာ အသုံးပြုမှာဖြစ်ပါတယ်။ အမေရိကန်အပါအဝင် နိုင်ငံတကာအစိုးရတွေအနေနဲ့ ဒီလိုအမည်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဟာကွက်တွေကို ပိတ်ပင်ဖို့နဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ တိုးချဲ့လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” ဟု ပြောဆိုသည်။
DCI Group နှင့် စစ်အုပ်စုကြား ချုပ်ဆိုထားသည့် စာချုပ်တွင် သဘာဝသယံဇာတ၊ ကုန်သွယ်ရေးနှင့် လူသားချင်းစာနာမှုအကူအညီများကို အကြောင်းပြ၍ အမေရိကန်နှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် ရည်ရွယ်ထားသည်။ သို့သော် စစ်အုပ်စုသည် လူသားချင်းစာနာမှုအကူအညီများကို လက်နက်သဖွယ် အသုံးပြုနေကြောင်း ဝေဖန်မှုများရှိနေသည်။
Justice For Myanmar နှင့် The Sentry အဖွဲ့တို့သက စစ်အုပ်စု၏ အမည်ပြောင်းလဲမှုဖြင့် နိုင်ငံတကာပံ့ပိုးမှုများ ရယူရန် ကြိုးပမ်းမှုကို တားဆီးရန် ယခင်ကတည်းက သတိပေးတောင်းဆိုခဲ့ကြသော်လည်း၊ DCI Group သည် ဒဏ်ခတ်ပိတ်ဆို့မှုခံထားရသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအတွက် အကျိုးဖြစ်ထွန်းစေမည့် လော်ဘီလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရှိရသည်။




