ရန်ကုန်၊ မေ ၇
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ဝင်းမနားဆေးရုံကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၇ ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ကနီမြို့နယ်၊ ဝင်းမနားဆေးရုံကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး အဆောက်အဦးတချို့ ပျက်စီးခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေက နံနက် ၁၀ နာရီကျော်လောက်က စပြီး ဆက်တိုက်ကို ဗုံးကျဲသွားတာ ပြည်သူ ၁ ဦးသေဆုံးတယ်လို့တော့သိရတယ်။ ကျန်တာတော့ မကြားမိသေးဘူး။ အရင်ဆေးရုံဟောင်းနေရာကိုပဲ ကျဲသွားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ဝင်မနားရွာဆေးရုံကို ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ဆေးရုံဝန်ထမ်းနှင့် လူနာများ အပါအဝင် ၈ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်း စခန်းသာကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ရာ ကုန်စုံဆိုင် ၁ ဆိုင်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မေလ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ရွှေဘိုမြို့နယ် အမှတ် ၈ လေ့ကျင့်ရေးတပ်မှ တက်လာသော အသေခံဒရုန်း ၂ စီးသည် ဝက်လက်မြို့နယ် အရှေ့ မြောက်ခြမ်း စခန်းသာကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း ကုန်စုံဆိုင် ၁ ဆိုင် ပျက်စီးခဲ့ကြောင်းသိရှိရသည်။
“ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိပါဘူး။ ကုန်စုံဆိုင် ၁ ဆိုင်တော့ ပျက်စီးသွားတယ်။ စခန်းသာကျေးရွာထဲမှာရှိတဲ့ မုန့်တွေရောင်းတဲ့ စျေးဆိုင်တစ်ဆိုင်တော့ ပျက်စီးသွားတယ်။ ပြည်သူတွေ အနေနဲ့ စစ်ကြောင်းနဲ့ လေကြောင်း အန္တရာယ်ကို သတိပြုနေထိုင်ဖို့ ပြောချင်ပါတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ယင်းနေ့ နံနက်အစောပိုင်းကလည်း အကြမ်းဖက် စစ်တပ်က စခန်းသာရွာကို တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ သေဆုံးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ကနီမြို့နယ် အတွင်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပျက်စီးသွားသော အဆောက်အဦးတစ်ခု။ (ပုံအဟောင်းဖြစ်သည်)




