31.3 C
Yangon

ဖားကန့်မြို့နယ်၊ လုံးခင်းဈေးသို့ ဈေးဝယ်လာသည့် ပြည်သူ့ဆိုင်ကယ် အစီး ၃၀ ကျော်ကို စစ်တပ်က သိမ်းဆည်းပြီး ကားသမားများနှင့် ပြည်သူများထံမှလည်း အတင်းအဓမ္မ ငွေညှစ်နေ

Must read

ရန်ကုန်၊ မေ ၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းဈေးအတွင်းသို့ ဈေးဝယ်လာသည့် ပြည်သူများထံမှ ဆိုင်ကယ်အစီး ၃၀ ကျော်ကို စစ်တပ်က သိမ်းဆည်းသွားသည့်အပြင် ကားသမားများနှင့် ပြည်သူများထံမှလည်း ငွေများ အတင်းအဓမ္မ လုယက်သွားကြောင်း ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၈ ရက် နံနက် ၇ နာရီဝန်းကျင်က ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အောက်ဈေး (ခ) ရွာလယ်ဈေးအတွင်း၌ စစ်သားများက ဈေးဝယ်လာသည့် ပြည်သူများ၏ ဆိုင်ကယ်များကို အတင်းအဓမ္မ သိမ်းဆည်းသည့်အပြင် ကားသမားများ၊ ဈေးဝယ်လာသူများထံမှ ငွေကြေးများကိုလည်း အတင်းအဓမ္မ ဓားပြတိုက်ယူသွားကြောင်း သိရသည်။

“ဒီနေ့မနက် ၇ နာရီဝန်းကျင်လောက်က ဈေးလမ်းလမ်းကြားထဲကနေ လာသမျှ ကားတွေ၊ ဆိုင်ကယ်တွေ ပိုက်ဆံတောင်းနေတာ။ ကားတွေက ပိုက်ဆံတောင်းပြီး ပြန်လွှတ်ပေမဲ့ ဆိုင်ကယ်တွေကတော့ အကုန်လုံး သိမ်းထားလိုက်တယ်။ လူတွေကတော့ ခြေလျင်ပြန်ကြရတာ။ ဆိုင်ကယ်အစီး ၃၀ လောက် မသွားတယ်။ ဆိုင်ကယ်များကို ဓားပြတိုက်သွားတာ။ လုံးခင်းက ဈေး ၂ ခု ရှိတာ၊ အပေါ်ဈေး၊ အောက်ဈေးပေါ့၊ အောက်ဈေးက အစည်ဆုံးပဲ။ အဲဒီအောက်ဈေး ရွာလယ်ခေါင် လမ်းကြားထဲမှာ ဓားပြတိုက်နေတာ။ သူတို့ ဒီဆိုင်ကယ်တွေနဲ့ ကာမိုင်းလမ်းကြောပေါ် လာဖို့လား၊ လုံးခင်းထဲရှိနေတဲ့ စစ်ကြောင်းတွေ ဒီဆိုင်ကယ်တွေနဲ့ တခြားတစ်နေရာကို သွားဖို့လား။ ရည်ရွယ်ချက်ကတော့ ဘယ်လိုလာမလဲ မသိဘူး။ ပြည်သူတွေရဲ့ ဆိုင်ကယ်တွေ အတင်းလိုက်စုနေတာ” ဟု ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုအတွင်း စစ်တပ်က တပ်ဖြန့်တပ်စွဲထားပြီး ပြည်သူလူထုအပေါ် ဓားပြတိုက်ခြင်း၊ ခြိမ်းခြောက်ငွေတောင်းခြင်း၊ လမ်းသွားလမ်းလာ ပြည်သူများကို ကင်းပုန်းဝပ်ကာ ပစ်သတ်ခြင်းတို့ လုပ်ဆောင်လျက်ရှိကြောင်း၊ ပြီးခဲ့သည့် ဧပြီလ ၂၅ ရက် ည ၁၁ နာရီခန့်ကလည်း အဆိုပါ လုံးခင်းကျေးရွာအုပ်စု ရပ်ကွက် ၃ ရှိ နေအိမ်တစ်လုံးအတွင်းသို့ Mask တပ်ထားသည့် စစ်သား ၅ ဦးက G3 အမျိုးအစား သေနတ်များကိုင်ဆောင်ပြီး ဓားပြဝင်တိုက်ခိုက်ခဲ့ရာ ငွေသား၊ ရွှေထည်ပစ္စည်းများအပါအဝင် ကာလတန်ဖိုး ကျပ်သိန်း ၄၀၀ ခန့် ယူသွားကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်သားများကို KIA ပူးပေါင်းတပ်ဖွဲ့ကလည်း တိုက်ခိုက်ချေမှုန်းလျက်ရှိရာ ပစ်ခတ်သံများ မကြာခဏ ကြားနေရကြောင်း၊ ထို့အပြင် စစ်ကောင်စီတပ်ကလည်း ယနေ့ မေလ ၈ ရက် နံနက် ၁၀ နာရီခန့်က ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ မလောင်မှော်အတွင်းရှိ “မြဥယျဉ်” ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက်ဆိုက်ထဲသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲချခဲ့ကြောင်း၊ ထို့အပြင် မှော်စီစာဘုရားကုန်း၊ သာယာကုန်းနှင့် မလောင်မှော် အနီးတစ်ဝိုက်တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်သူများ၏ ဆိုင်ကယ်များကို ဖမ်းဆီး သိမ်းဆည်းနေသော အကြမ်းဖက်စစ်တပ်နှင့်ရဲများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article