ရန်ကုန်၊ မေ ၉
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ မင်းယားစံပြရွာနှင့် နောင်ရင်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်ခန့်တွင် ဖောင်းပြင်မြို့နယ်၊ မင်းယားစံပြကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ မင်းယားစံပြရွာမှ အသက် ၇၈ နှစ်အရွယ် ဒေါ်မယ်စိန်နှင့် အသက် ၇၅ နှစ်အရွယ် ဒေါ်မြသိန်း တို့ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ ယင်းနေ့ မွန်းလွဲ ၃ နာရီမှ ညနေ ၄ နာရီထိ အကြမ်းဖက် စစ်တပ်က ဖောင်းပြင်မြို့နယ်၊ နောင်ရင်းရွာကိုလည်း ဒရုန်းများဖြင့် ၆၀ မမ ဗုံး ၆ လုံး၊ ၁၂၀ မမ ဗုံး ၁ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း ကျေးရွာနေ ပြည်သူ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ မင်းယားစံပြရွာက ပြည်သူ ၂ ဦးသေဆုံးပြီး နောင်ရင်းရွာက ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရတယ်။ နေအိမ်တွေလည်း ပျက်စီးခဲ့တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် အရပ်သား ပြည်သူများကို အကြောင်းမဲ့ လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်နှင့် လက်နက်ကြီး အန္တရာယ်များ သတိပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက နှိုးဆော်ထားသည်။






