ရန်ကုန်၊ မေ ၉
အကြမ်းဖက် မင်းအောင်လှိုင်၏ စက်သုံးဆီသုံးစွဲမှု လျှော့ချရေး စီမံချက်အတွက် ယာဉ်အိုယာဉ်ဟောင်းများကို အပ်နှံ၍ EV ကားအစားထိုး တင်သွင်းခိုင်းမည့် အစီအစဉ် စတင်ရန် ကညနကို ဆုံးဖြတ်လုပ်ပိုင်ခွင့်အများအပြား ပေးအပ်သွားရန်ရှိနေကြောင်း ကားအရောင်းအဝယ်အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။
အကြမ်းဖက် မင်းအောင်လှိုင်၏ အစီအစဉ်ကို အကောင်အထည်ဖော်ရန် မေလ ၆ ရက်နေ့မှ မေလ ၈ ရက်နေ့အထိ နေပြည်တော်တွင် ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနများက အစည်းအဝေးပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် သက်တမ်း ၂၀ အောက်မော်တော်ယာဥ်ဖျက်သိမ်းမှုဆိုင်ရာ မူဝါဒများ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ အဆိုပါမူဝါဒအရ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန- ကညနက မော်တော်ယာဉ်များကို စစ်ဆေးပြီး မြို့တော်အင်္ဂါရပ်နှင့်မညီသော၊ လမ်းတွင် မောင်းရန် မသင့်တော်သော ကားများကို မှတ်ပုံတင် ရုပ်သိမ်းကာ လျှပ်စစ်ကား အစားထိုးတင်သွင်းရန် စလစ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
“ကညနမှာ လုပ်ပိုင်ခွင့် အာဏာ ပိုကြီးမှာပေါ့။ ယာဉ်စစ်ဆေးတဲ့ အရာရှိနဲ့ ကညနအရာရှိတွေရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ပြီး သက်တမ်းအိုနေတဲ့ကားတွေရဲ့ မှတ်ပုံတင် ဆက်ပေး၊ မပေးဆုံးဖြတ်မှာ။ ကညနက ဆုံးဖြတ်လုပ် ပိုင်ခွင့် ပိုရတော့ စိုးရိမ်ရတာက ကိုယ့်ကားက ကောင်းနေတာတောင် ကညနကို လာဘ်ထိုးရမှာမျိုးတွေ ဖြစ်လာမှာစိုးရိမ်ရတယ်။ JDM (Japan Domestic Use ) တွေက ယာဉ်ဘယ်လောက်အိုအို ပြုပြင်ထိန်းထိန်းသိမ်းသိမ်းစီးရင် သုံးလို့ရနေတာ။ EV ကားအစားထိုးတင်သွင်းမယ့် စလစ်စျေးကလည်း အရင်လို ယာဉ်အိုယာဉ်ဟောင်းထက် စျေးပိုရနိုင်မယ့်အလားအလာမရှိဘူး။ EV ကိုလည်း လူတွေက သိပ်မကြိုက်ကြဘူး။ လူတိုင်းလည်း EV မစီးနိုင်ဘူး။ ကိုယ်ပိုင်အိမ်၊ ခြံဝင်းရှိမှ EV က အဆင်ပြေမှာ။ အားသွင်းတာကအစ ” ဟု မော်တော်ယာဉ်အသင်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
ပြည်သူများ၏ ချွေးနဲစာဖြင့် ဝယ်ယူထားသော ယာဉ်များကို မှတ်ပုံတင်ရုပ်သိမ်းပြီး စလစ်ထုတ်ပေးကာ EV ကား အစားထိုးခိုင်းခြင်းမှာ အာဏာရှင် လုပ်ရပ်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
“လက်နက်ဝယ်ဖို့ လေယာဉ်တွေ ဝယ်ဖို့ နိုင်ငံခြားငွေကျတော့ သန်းရာထောင်ချီးသုံးပြီးတော့ ကားတွေကို ဆီတင်သွင်းရတာ နိုင်ငံခြားငွေကုန်တယ်ဆိုပြီးတော့ EV ကား တင်သွင်းခိုင်းတာ၊ EV ကားစီးခိုင်းတာက အာဏာရှင်လုပ်ရပ်ပဲ။ EV ကားဆိုတာ ခရီးဝေးသွားတာ၊ အသုံးပြုရတာက ဆီကားလိုမဟုတ်ဘူး။အကန့်အသတ်တွေ အများကြီး။ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာပါ ဒီမူဝါဒက ကောင်းကျိုးပေးမှာမဟုတ်ဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
အခြားတစ်ဖက်တွင်လည်း မင်းအောင်လှိုင်က မြန်မာနိုင်ငံအတွင်းရှိ စက်သုံးဆီအသုံးပြုသော ယာဉ်များကို လျှပ်စစ်ကား EV များဖြင့် အစားထိုးရန် မူဝါဒချမှတ်နေချိန် သားဖြစ်သူ အောင်ပြည့်စုံနှင့် သမီးဖြစ်သူ ခင်သီရိသက်မွန်တို့မှာ မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံမှ လျှပ်စစ်ကား EV များ အကြီးအကျယ် တင်သွင်းနေကြရာ မိသားစုအကျိုးစီးပွားအတွက် တိုင်းပြည်၏ ပို့ဆောင်ရေးဏ္ဍကို တရုတ် EV ကားထုတ်လုပ်ရေး ကုမ္ပဏီများလက်ထဲသို့ ထိုးအပ်သည့် လုပ်ရပ်ဟု မော်တော်ယာဉ်အသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုကြသည်။
အကြမ်းဖက် မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ပြည်တွင်း လျှပ်စစ် ဓာတ်အား လုံလောက်စွာ ရရှိရေးအတွက် ဆိုလာနှင့် ဆက်စပ် ပစ္စည်းကို ပြည်ပမှ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုခဲ့ပြီးနောက် မင်းအောင်လှိုင်၏ သားနှင့်သမီးဖြစ်သူတို့က ဆိုလာလျှပ်စစ်ဓာတ်အားပေးစနစ်နှင့် EV-လျှပ်စစ် ကားတင်သွင်းမှုများကို မြန်မာနိုင်ငံအတွင်းသို့ အကြီးအကျယ် တင်သွင်းမှုများ လုပ်ဆောင်ခဲ့ကြသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်က ၎င်း၏ လုပ်ဖော်ကိုင်ဖက်များဖြစ်သော နိုင်ဖြိုးကျော်၊ ဝေယံမင်းမောင်တို့နှင့်အတူ NPK Motor Co Ltd ကုမ္ပဏီထူထောင်ပြီး မြန်မာနိုင်ငံတွင်းသို့ လျှပ် စစ် ကားများနှင့် MG Myanmar ၊ Leapmotor Myanmar အမှတ်တံဆိပ်အမျိုးအစားအပါအဝင် လျှပ်စစ် ကားအမျိုးမျိုးကို တင်သွင်းရောင်းချလျက်ရှိသည်။
မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန် ပိုင်ဆိုင်သော NPK Motor Co Ltd ကုမ္ပဏီက မြန်မာနိုင်ငံအတွင်းသို့ လျှပ်စစ်ကား အမှတ်တံဆိပ်အမျိုးမျိုးကို တင်သွင်းနေသည့်အပြင် မြန်မာနိုင်ငံတစ်ဝန်း လျှပ်စစ်ကားများတွင် ဓာတ်အားသွင်းသည့် EV Charging Station များလုပ်ပိုင်ခွင့်ရရှိခဲ့ပြန်သည်။
အလားတူ မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက EV ကားတင်သွင်းမှုအဖြစ် တရုတ် BYD ကုမ္ပဏီမှ လျှပ်စစ်ကားများကို ပြည်တွင်းကုမ္ပဏီခွဲများစွာ တည် ထောင်၍ တင်သွင်းနေဆဲဖြစ်ကြောင်း သိရှိရသည်။




