27 C
Yangon

မြန်မာ့စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်နေသော စင်ကာပူနိုင်ငံနှင့်တီမောနိုင်ငံတို့က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌများအဖြစ် တာဝန်ယူတော့မည်၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံတွင် မြန်မာနိုင်ငံ ပြန်လည် နေရာရရန် လုံလောက်သော လုပ်ဆောင်ချက်မရှိဟု ထုတ်ပြော

Must read

ရန်ကုန်၊မေ ၁၁

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို အစဉ်တစိုက် ဆန့်ကျင်ကန့်ကွက်ခဲ့သော စင်ကာပူနိုင်ငံနှင့်တီမောနိုင်ငံတို့က အာဆီယံအလှည့်ကျဥက္ကဋ္ဌများအဖြစ် တာဝန်ယူတော့မည်ဖြစ်ကြောင်း အာဆီယံ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံရှိ စစ်အာဏာသိမ်းမှုကို အစဉ်တစိုက် ကန့်ကွက်ခဲ့ပြီး အာဆီယံဘုံသဘောတူညီချက် ၅ ချက်ဖြင့် မြန်မာ့အရေးကို ဖြေရှင်းရေး မူဝါဒကို ကိုင်စွဲထားရာ လာမည့် ၂၀၂၇ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အဖြစ် စင်ကာပူနိုင်ငံက တာဝန်ယူတော့မည်ဖြစ်ကြောင်း သိရှိရသည်။

ယခုနှစ်မေလ ၆ ရက်နေ့မှ မေလ ၉ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ပြုလုပ်ခဲ့သော အာဆီယံထိပ်သီး အစည်းအဝေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးတွင် မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံထိပ်သီးအစည်းအဝေးသို့ လူကိုယ်တိုင် တက်ရောက်ခွင့်ပြုရန် ထိုင်းနိုင်ငံ၏ အဆိုပြုချက်ကို စင်ကာပူနိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်ပယ်ချခဲ့သည်။

စင်ကာပူနိုင်ငံ၏ ကန့်ကွက်မှုကြောင့် ယခုနှစ် အာဆီယံထိပ်သီးအစည်းအဝေးများသို့ မြန်မာစစ်ခေါင်းဆောင်များ တက်ခွင့်မရဘဲ ဆက်လက်ပိတ်ပင်ခြင်းခံထားရဆဲဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း မင်းအောင်လှိုင်ကို စစ်ရာဇဝတ်မှုများဖြင့် တရားစွဲထားမှုကြောင့် မြန်မာ အကြမ်း ဖက်စစ်တပ်နှင့် သံတမန် ဆက်ဆံရေး အဆင်မပြေသော တီမောနိုင်ငံက ၂၀၂၉ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း အာဆီယံက တရားဝင် သတင်းထုတ်ပြန်ထားသည်။

ယခု မေလအတွင်း ဖိလစ်ပိုင်နိုင်ငံတွင် ပြုလုပ်သော အာဆီယံထိပ်သီးအစည်းအဝေးတွင် တီမောလက်စတေးနိုင်ငံအနေဖြင့် ၂၀၂၉ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ယူရန် ဆန္ဒရှိနေသည့်အပေါ် အာဆီယံခေါင်းဆောင်များက ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သော တီမော်လက်စတေး ဒီမိုကရက်တစ် သမ္မတနိုင်ငံတွင် အကြမ်းဖက် စစ်အာဏာရှင် မင်းအောင်လှိုင်နှင့်စစ်တပ်ကို ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် တရားစွဲဆိုထားပြီး အမှုမှာ တရားရုံးသို့ တင်သွင်းရောက်ရှိသွားပြီဖြစ်သည်။

ထို့ပြင် အာဆီယံအဖွဲ့ဝင်ဖြစ်သော မလေးရှားနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က မြန်မာအကြမ်း ဖက်စစ်တပ်အနေဖြင့် အာဆီယံအစည်းအဝေးများတွင် ကိုယ်စားပြုနေရာ ပြန်လည်ရရှိရန် လုံလောက်သော ကြိုးပမ်းဆောင်ရွက်မှုမျိုး မရှိသေးကြောင်း မေလ ၇ ရက်နေ့တွင် သတင်းထောက်များကို ပြောကြားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်၏ ဖိနှိပ်မှုများနှင့် မိမိနိုင်ငံသားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သောကြောင့် မလေးရှားအနေဖြင့် လက်ခံနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသည့် အုပ်ချုပ်ရေးအဖွဲ့အသစ်အနေဖြင့် အာဆီယံက ချမှတ်ထားသော ငြိမ်းချမ်းရေးအစီအစဉ်များကို အမှန်တကယ် လိုက်နာဆောင်ရွက်ရန် လိုလားကြောင်း မလေးရှားနိင်ငံခြားရေး ဝန်ကြီးက ထုတ်ဖော်ပြောဆိုခဲ့သည်။

မြန်မာစစ်တပ်ကို ကူညီနေသော ထိုင်းနိုင်ငံကမူ ၂၀၂၈ ခုနှစ်တွင် အာဆီယံအလှည့် ကျ ဥက္ကဋ္ဌ တာဝန်ယူမည်ဖြစ်ပြီး အာဆီယံတွင် နိုင်ငံများ၏ အက္ခရာအစဉ်အလိုက် အာဆီယံဥက္ကဋ္ဌ ရာထူးကို အလှည့်ကျ တာဝန်ယူနေကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု ဖြစ် ပွားကတည်းက အာဆီယံက မြန်မာစစ်ဗိုလ်ချုပ်များကို အာဆီယံထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့် ပိတ်ပင်ထားခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article