27 C
Yangon

ယင်းမာပင်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ယနေ့ညပိုင်း၌ စစ်ဘေးရှောင် ပြည်သူများကို လက်နက်ကြီးများဖြင့် လိုက်လံ ပစ်ခတ်နေ၊ ပေါက်တွင်လည်း စစ်တပ် စစ်ကြောင်းထိုးလာ၍ ပြည်သူများ ညအချိန် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ မေ ၁၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ယနေ့ညပိုင်း၌ စစ်ဘေးရှောင် ပြည်သူများကို လက်နက်ကြီးများဖြင့် လိုက်လံ ပစ်ခတ်နေကြောင်း အညာမြေပုလဲ အဖွဲ့မှ တာဝန်ရှိက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၁၁ ရက်နေ့တွင် ပုလဲမြို့နယ်၊ ပုထိုးသာကျေးရွာမှ ထွက်ခွာလာသော အင်အားအများအပြား ပါဝင်သည့် စစ်တပ် စစ်ကြောင်းသည် မွန်းလွဲပိုင်းတွင် ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာအတွင်းကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို စိတ်ကြိုက်ဝင်မွှေနှောက်ပြီး ယနေ့ ညပိုင်းတွင် စစ်ဘေးရှောင်ပြည်သူများရှိရာ နေရာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လိုက်လံ ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်မှုရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“စစ်ဘေးရှောင် ပြည်သူတွေရဲ့ မီးရောင်မြင်တဲ့ ဘက်တွေကို စစ်ခွေးတွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ လိုက်လံ ရမ်းသမ်းပစ်ခတ်နေတာ ပြည်သူတွေ ထိခိုက်မှုရှိ၊မရှိကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု အညာမြေပုလဲ အဖွဲ့မှ တာဝန်ရှိက ပြောဆိုသည်။

အလားတူ မေလ ၂ ရက်နေ့ကလည်း အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယင်းမာပင်မြို့နယ်၊ အင်တောရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ်များကို တစ်အိမ်တက်ဆင်း မီးရှို့ခဲ့ခြင်းကြောင့် လူနေအိမ် ၄၀ ခန့် မီးလောင်ပြာကျခဲ့ကြောင်း၊ ထို စစ်ကြောင်းသည် ယင်းမာပင်မြို့နယ် တောင်ခြမ်း ရင်ပေါင်တိုင်ရွာကို ရောက်ရှိလာစဉ် ရွာအနောက်၌ နုံးတန်းကျေးရွာမှ အသက် ၆၀ ကျော် အရွယ် ဦးဆန်းဝင်းကိုလည်း ပစ်သတ်ခဲ့ကြောင်းသိရသည်။

ထို့ပြင် ယင်းမာပင်ခရိုင်အတွင်း လတ်တလောဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများကြောင့် ပြည်သူများအနေဖြင့် မုံရွာ – ယာကြီး – ကလေးဝလမ်း ၊ ညောင်ပင်ကြီး – ယင်းမာပင်လမ်း နှင့် ဖိုလ်ဝင်တောင် – ယင်းမာပင်လမ်း တို့ကို လုံးဝ (လုံးဝ) အသုံးမပြုကြရန်နှင့် အကြမ်းဖက် စစ်တပ်နှင့် အချိန်မရွေး တိုက်ပွဲများ ဖြစ်ပွားနိုင်ပြီး ထိတွေ့တိုက်ပွဲအတွင်း ရောက်ရှိသွားပါက ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် တစ်စုံတစ်ရာ တာဝန်ယူပေးနိုင်မည် မဟုတ်ကြောင်း ယင်းမာပင်ခရိုင် ပကဖ ကလည်း အသိပေး ထုတ်ပြန်ထားသည်။

ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း ထိုးဝင်ရောက်လာ၍ ကျေးရွာ ၃ ခုမှ ထောင်နှင့်ချီသော ပြည်သူများဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆိပ်ဖြူပြောက်ကျား တကိုယ်တော်ကျားဇိုး (LDF) မှ ကိုကျားဇိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၁၁ ရက်နေ့တွင် ပေါက်မြို့နယ် ကပစ ၂၄ မှ အင်အား ၆၀၀ ခန့်ဖြင့် စစ်တပ် စစ်ကြောင်းသည် ပေါက်မြို့နယ် အတွင်းရှိ ကျေးရွာ ၃ ခုမှ စစ်ကြောင်းထိုးလာ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ လက်ရှိချိန်တွင် ပေါက်မြို့နယ်ရှိ ပလောင်းကျေးရွာ ၊ ကျောက်မဲတောင်ကျေးရွာနှင့် ကျောက်တံခါးကျေးရွာတို့မှ ပြည်သူများဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

” ကပစ ၂၄က ရောက်တော့ ခွေးတွေက ပလောင်းကို စထွက်ပြီ မနက်ကထွက်နေတာ၊ စစ်ခွေး စစ်ကြောင်းကြောင့် ကျေးရွာ ၃ရွာရှိပြည်သူများထွက်ပြေးတိမ်ရှောင်နေရတယ်။ မနက် ပလောင်းကိုရောက်တာ မွန်းလွဲ ၂နာရီခန့်မှာ အနောက်အရပ်ကို ထွက်သွားပြီဆိုတော့ ကျောက်မဲတောင်ကို ဦးတည်နေတာပေါ့။ ထွက်ပြေး တိမ်းရှောင်နေရတဲ့ ကျေးရွာတွေကတော့ အများကြီး မကြီးဘူး။ ခန့်မှန်းခြေ ၁ထောင်ဝန်းကျင်ခန့်ရှိသော ပြည်သူများဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်။ နေအိမ် မီးရှို့တာမျိုးမရှိဘူး။ ပြည်သူတွေ ဖမ်းဆီးတာမျိုး မရှိဘူး။ကျောက်မဲတောင်နားတော့ ရောက်ရှိနေပြီ၊ ကျောက်မဲတောင်နဲ့ ကျောက်တံခါးတော့ မရောက်သေးဘူး။ စစ်ခွေးတွေက အဲဒီရွာနဲ့ မလှမ်းမကမ်းကိုရောက်နေတယ်လို့ သိရတယ်”ဟု ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော်ကျားဇိုး (LDF) မှ ကိုကျားဇိုးကပြောဆိုသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ခုကို စစ်တပ် စစ်ကြောင်းဝင်ရောက်လာ၍ ညအချိန် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article