ရန်ကုန်၊ မေ ၁၂
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်များက စစ်ကားအစီးရေ ရာနှင့်ချီ၍ အင်အားဖြည့်တင်းကာ စစ်ကြောင်းထိုးလာခြင်းကြောင့် တော်လှန်ရေးပူးပေါင်းတပ်များနှင့် တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေပြီး စစ်ကားတစ်စီး မီးလောင်ပျက်စီးခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ လေ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ထီးချိုင့်နှင့် ကသာလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထီးချိုင့်သို့ ရိက္ခာပို့ပြီး ပြန်လာသည့် စစ်ကားတစ်စီးမှာ တော်လှန်ရေးတပ်၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါလမ်းပိုင်းကို စစ်ကောင်စီတပ်က နယ်မြေစိုးမိုးမှု ရယူထားပြီး ကားများသွားလာခွင့် ပိတ်ပင်ထားသဖြင့် ထီးချိုင့်၊ ကသာနှင့် နဘားလမ်းဆုံတို့တွင် ခရီးသည်တင်ကားနှင့် ကုန်တင်ကား အများအပြား ပိတ်မိနေကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း၌လည်း ယမန်နေ့ ဟိုပင်တိုးဂိတ်အနီးနှင့် မိုးကောင်းမြို့၊ သိုက်ဝါးကုန်းအနီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ထို့အတူ ယမန်နေ့ မေလ ၁၁ ရက်နေ့ အင်းတော်ကြီးဒေသ၊ ဟဲပုကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အထိအခိုက် အကျအဆုံးများပြားခဲ့ပြီး ဒဏ်ရာရရှိသူများနှင့် အလောင်းများကို စစ်တပ်က ဆွဲထုတ် ထွက်ပြေးသွားကြောင်း KIA သတင်းရင်းမြစ်က ဆိုသည်။
ထို့ပြင် ဗန်းမော်မြို့၊ လေးမျက်နှာဘုရားအနီးရှိ စစ်ကောင်စီကာကင်းစခန်းတစ်ခုကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့ဘက်မှ အကျအဆုံးအချို့ရှိသော်လည်း ရန်သူ့ထံမှ လက်နက်ခဲယမ်းပစ္စည်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီသည် အင်းတော်နှင့် မော်လူးမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းအစပ်သို့ စစ်ကားအင်အားရာနှင့်ချီ၍ တက်လာနေကြောင်း သိရှိရသည်။
“စစ်ကားတွေတင်မဟုတ်ဘူး။ သူတို့ ဝန်ထမ်း မိသားစုတွေကိုပါ အကုန်ရွှေ့လာတာ။ သိမ်းထားတဲ့ နယ်မြေတွေကို သူတို့ဝန်ထမ်းတွေ ပြန်ထားပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်ဖို့ လုပ်နေတာ။ နောက်ပြီး ဗန်းမော်ဘက်ကိုလည်း သူတို့ စစ်ကူပို့မယ့် အခြေ အနေရှိနေတယ်” ဟု KIA သတင်းရင်းမြစ်က ရှင်းပြသည်။
လက်ရှိတွင် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်-စစ်ကိုင်းအစပ်တလျောက် စစ်ရေးအခြေအနေမှာ အလွန်တင်းမာနေပြီး တိုက်ပွဲများကြောင့် ဒေသခံပြည်သူများမှာလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။




