ရန်ကုန်၊ မေ ၁၂
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို KIA ပူးပေါင်း တပ်ကကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး တပ်ဆုတ်ပြေးသွားကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၁ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ ဟဲပါးရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို KIA ပူးပေါင်းတပ်များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှု များပြား၍ စစ်ကြောင်းပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ရုပ်အလောင်းများကို ပြန်လည် ကောက်ယူသွားပြီး ၎င်းတို့ တပ်စွဲထားသည် နန့်မွန်းရွာ တပ်ကုန်းတွင် စစ်သား အလောင်းများကို မီးရှို့ သဂြိုလ်လိုက်ကြောင်း၊ KIA ပူးပေါင်းတပ်ကလည်း တိုက်ပွဲဖြစ်ပွားသည့် နေရာကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း သိရှိရသည်။
“အင်းတော်ကြီးအရှေ့ ဟဲပါးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတွေကို တော်လှန်ရေးတပ်ဘက်က ဝင်တိုက်တာ စစ်ကြောင်း ၂ ကြောင်းလုံး အသေများပြီး ပြန်ဆုတ်သွားတယ်။ သေသွားတဲ့ အလောင်းတွေကိုလည်း ဆွဲပြေးပြီးတော့ ဒီကောင်တွေနေတဲ့ နန့်မွန်းရွာ တပ်ကုန်းမှာ အလောင်းတွေကို မီးရှို့ဖျက်ဆီးတယ်လို့ သိရတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် ဧပြီလ ၂၃ ရက်နေ့ကလည်း မိုးညှင်းမြို့နယ်၊ အုန်းစံဆိုင်ရွာရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ SNA တပ်စခန်း ၂ ခုကို KIA နှင့် SSIA (Shan Shanni Independence Army) တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှလည်း ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း သိရသည်။




