ရန်ကုန်၊ မေ ၁၆
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ အေးမြသာယာကျေးရွာ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး စိုးထိုက်ကို အရှင်ဖမ်းမိသော်လည်း စစ်ဆေးမှုပြုလုပ်စဉ် အိမ်သာသွားမည်ဟုဆိုကာ ထွက်ပြေးသောကြောင့် ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့ကြောင်း ကော့သောင်း ခရိုင် ပကဖမှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုကျားကြီးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။
မေလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်တွင် ကော့သောင်းမြို့နယ်၊ ကော့သောင်း-နမ္မသွန် လမ်းပိုင်း၌ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ရဲဘော်များက နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်နေစဉ် အေးမြသာယာကျေးရွာဘက်မှ ကော့သောင်းမြို့နယ်ဘက်သို့ မောင်းနှင်လာသော ကား ၁ စီးကို စစ်ဆေးရာ အေးမြသာယာကျေးရွာမှ အုပ်ချုပ်ရေးမှူး စိုးထိုက်နှင့်အတူ ၎င်း၏ ကားပေါ်တွင် ပလပ်စတစ်ပုံးဖြင့် ထည့်ယူလာသော တော်လှန်ရေးရဲဘော်များ ဝတ်ဆင်လေ့ရှိသည့် ယူနီဖောင်း ၁၀ စုံ ဖိနပ် ၃ ရံ ဘက်တံဆိပ်မျိုးစုံ ၈ ခု၊ ကျည်ကာဝတ်စုံ ၁ စုံတို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့နောက် တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီး စစ်ဆေးခဲ့ရာ ၎င်းပစ္စည်းများသည် စကခ ၂၀ သို့ သွားရောက်ပို့ဆောင်ပေးမည်ဟု ဝန်ခံထွက်ဆိုခဲ့ပြီး ၎င်း၏ လက်ကိုင်ဖုန်းအတွင်းမှလည်း အကြမ်းဖက် စစ်တပ်ထံ တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းအချက်လက်များအား ပေးပို့ခြင်း၊ အကြမ်းဖက်စစ်တပ်၏ ရိက္ခာနှင့် လူ/လက်နက်များ သယ်ယူပို့ဆောင်ပေးရန်အတွက် ပြောဆိုထားသည့် အချက်လက်များနှင့် တော်လှန်ရေးအဖွဲ့များကို ကြိမ်းမောင်းဆဲဆိုထားသော အချက်အလက်များကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရ သည်။
“အေးမြသာယာရွာကိုဆိုတာက ထိုင်းနိုင်ငံနဲ့ ကပ်လျက် နယ်စပ်မှာ၊ ပါချန်မြေနဘေးမှာပဲ။ ထိုင်းနိုင်ငံ ဘက်ခြမ်းက ဝယ်လာပြီးတော့ စစ်တပ်ကို သွားပေးတာဖြစ်မယ်လို့ သုံးသပ်ရတာပေါ့၊ ပြီးခဲ့တဲ့ တစ် နှစ်ကျော်လောက်ကလည်း အခုလိုမျိုး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဝတ်တဲ့ ဝတ်စုံတွေကို နယ်စပ် ဒေသက လုပ်ငန်းရှင်တွေကို ဝယ်ခိုင်းတာမျိုးရှိတယ်။ အဲလိုဝယ်ခိုင်းပြီးတော့ တော်လှန်ရေးတပ်ဖွဲ့ ဝင်အယောင်ဆောင်ပြီးတော့ လှုပ်ရှားခဲ့တဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်။ ပြည်သူနဲ့တော်လှန်ရေးအဖွဲ့ တွေကြားထဲမှာ သွေးကွဲလာအောင် ဝါဒဖြန့်ဖို့အတွက် စနစ်တကျလုပ်ကိုင်ဖို့အတွက် အခုလိုဝတ်စုံ တွေကို ဝယ်ယူတာလို့ မြင်တယ်။ အဲဒါကြောင့် ပြည်သူတွေအနေနဲ့လည်း ဒီလိုမျိုးဝါဒဖြန့်တာတွေ ကို သေသေချာချာ သုံးသပ်ပြီး သတိထားဖို့ ထပ်ဆင့်ပြီးတော့ တိုက်တွန်းချင်ပါတယ်” ဟု ကော့သောင်း ခရိုင် ပကဖမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုကျားကြီးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံ သို့ ပြောကြားသည်။
အုပ်ချုပ်ရေးမှူး စိုးထိုက်သည် ၂၀၂၃ ခုနှစ် မတ်လ ၄ ရက်နေ့ကလည်း ကော့သောင်းခရိုင်၊ ခမောက် ကြီးမြို့နယ် ဝိုင်ဒင်းကျေးရွာဘက်သို့ အကြမ်းဖက် စစ်တပ်အား ၎င်းကိုယ်တိုင် လမ်းပြခေါ်ဆောင်လာ၍ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ရာ PDF ရဲဘော် ၉ ဦးကျဆုံးခဲ့သည့် ဖြစ်စဉ်ကိုလည်း ဝန်ခံ ထွက်ဆိုထားကြောင်း သိရ သည်။
ထို အုပ်ချုပ်ရေးမှူး စိုးထိုက်ကို စစ်ဆေးနေစဉ်အတွင်း အိမ်သာ သွားချင်သည်ဟုဆိုကာ ခွင့်တောင်းသဖြင့် လက်တစ်ဖက်ကို ကြိုးချည်ပြီး အစောင့် ရဲဘော်တစ်ဦးနှင့်အတူ ခွင့်ပြုပေးလိုက်စဉ် စိုးထိုက်က ရုန်းကန်ထွက်ပြေးသောကြောင့် လိုက်လံပစ်ခတ်ဖမ်းဆီးရာ ကျည်ထိမှန်ပြီး သေဆုံးသွားကြောင်း၊ ထို့ကြောင့် စိုးထိုက်ထံမှ ဖမ်းဆီးရမိသော ပစ္စည်းများကို သက်ဆိုင်ရာသို့ တင်ပြပြီး ညွှန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။
ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် အကြမ်ဖက်စစ်တပ်နှင့်အပေါင်းပါများအား လုပ်ထုံးလုပ်နည်းအတိုင်း အရှိန်မြင့်ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သောကြောင့် ဒေသနေမိဘ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်များနှင့်အပေါင်းပါတို့၏အနီးတွင် သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန်နှင့် စစ်ရေးသတိ၊ စစ်ရေးအသိအမြဲရှိကြရန် ဆက်လက်တိုက်တွန်းထားသည်။





