ရန်ကုန်၊ မေ ၁၇
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နှင့် စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ အသေခံဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၆ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးသည် ကန်ပက်လက်မြို့ပေါ်ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုဗုံးကျဲ တိုက်ခိုက်မှု အတွင်း ဘုရားကျောင်းနှင့် မြို့ အနီးကို ဗုံးကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူများထိခိုက်မှုမရှိကြောင်းသိရသည်။
“ဘုရားကျောင်းနားနဲ့ မြို့ပြင်နားကို ဗုံးကျရောက် ပေါက်ကွဲတယ်လို့တော့ သိရတယ်။ ပြည်သူတွေ ထိခိုက်မှုမရှိဘူးလို့ ကြားတယ်။ ပျက်စီးမှု အခြေအနေကိုတော့ ကျနော်လည်း အတိအကျ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
အလားတူ ဝန်းသိုမြို့နယ်တွင်လည်း မေလ ၁၄ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ဝန်းသိုမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၁၁၁ နှင့် ခမရ ၁၂၀ တပ်ရင်းမှ အကြမ်းဖက် စစ်သားများက ဂျိုးတောင်ရွာကို အသေခံဒရုန်း ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျဲ တိုက်ခိုက်မှု အတွင်း ထိခိုက်မှုမရှိကြောင်း သိရသည်။
စစ်ခွေးတွေက ပြည်သူတွေ နေထိုင်တဲ့ ရွာထဲကို အသေခံဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်တာ ပြည်သူတွေတော့ ထိခိုက်တာမရှိပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ပြည်သူများအနေဖြင့် ယခုအချိန်ကာလတွင် အကြမ်းဖက် စစ်တပ်က ပြည်သူများနေထိုင်ရာ နေရာဒေသများကို ပစ်မှတ်ထား၍ တိုက်ခိုက်လျက်ရှိသောကြောင့် နေအိမ်များ၌ ဗုံးခိုကျင်းများ အခိုင်အမာတည်ဆောက်ကာ စစ်ရေးသတိဖြင့် နေထိုင်ကြပါရန် တော်လှန်ရေးအင်အားစုများက အသိပေးပြောဆိုထားသည်။
ထို့ပြင် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ ဆုတောင်းပြည့် ဘုန်းကြီးကျောင်းဘေး သျှရီသူရဿတိမယ်တော် ဟိန္ဒူဘုရားကျောင်း၌ အကြမ်းဖက် စစ်တပ်က တပ်စွဲပြီး စစ်တောင်းမြစ်ဘက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် စစ်တောင်းမြစ်ဘက်ရှိ ကျေးရွာများမှ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများ ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၃ ရက်၊ ၄ ရက်နှင့် မေလ ၇ ရက်နေ့ တို့တွင်လည်း အကြမ်းဖက် စစ်တပ်က အုတ်တွင်းမြို့နယ်၊ ထန်းတပင်မြို့နယ်နှင့်ဖြူးမြို့နယ် အစပ်ရှိ စစ်တောင်းမြစ် တောက်လျောက်ကို ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် အမည်မသိ ပြည်သူ ၂ ဦး အပါအဝင် ကိုဇော်ဝင်းထွဋ် ၊ ကိုသံခဲ၊ ကိုစိုင်းကိုကို၊ ကိုဝကြီး နှင့် အမည်မသိ ကလေးငယ် ၂ ဦး သေဆုံးခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ် မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)




