28.1 C
Yangon

ဖားကန့်မြို့နယ်၊ လုံးခင်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ်တချို့ မီးလောင်ပြီး ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ မေ ၁၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၁ လုံးမီးလောင်ပြီး ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်အချိန် လုံးခင်းရွာကို ဗျူဟာကုန်းရှိ အကြမ်းဖက် စစ်သားများက လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် လုံးခင်း ရပ်ကွက် ၄ ရှိ နေအိမ် ၁ လုံးကို ထိမှန်ကာ မီးလောင်ခဲ့ကြောင်း၊ ပြည်သူ ၅ ဦးဝန်းကျင်မှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

လုံးခင်းရွာအတွင်း အကြမ်းဖက် စစ်သားများက တော်လှန်ရေးတပ်ဖွဲ့များ၏ ဘတ်တံဆိပ်ကို အသုံးပြု၍ စစ်ရေးလှုပ်ရှားနေသည့်အပြင် ဗျူဟာကုန်းမှ စစ်သားများက လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်ပွားတာတော့မရှိပါဘူး။ စစ်ခွေးတွေဘက်က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဘတ်တံဆိပ်ကို အသုံးပြုပြီး စစ်ရေး လှုပ်ရှားနေတာကို အချင်းချင်း သတင်းပေးလို့ ဗျူးဟာကုန်းကနေ လက်နက်ကြီးနဲ့ လမ်းထုတာ ရွာထဲကိုကျပြီးတော့ နေအိမ် ထိမှန်ပြီး မီးလောင်နေတာ ပြည်သူတချို့လည်း ထိခိုက်မှုရှိတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မေလ ၈ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ မလောင်မှော်အတွင်းရှိ “မြဥယျာဉ်” ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက်ဆိုက်ထဲသို့ လေယာဉ်ဖြင့် ပထမအကြိမ် ဗုံးကျဲတိုက်ခဲ့ပြီး မှော်စီစာဘုရားကုန်း၊ သာယာကုန်းနှင့် မလောင်မှော် အနီးတဝိုက်၊ လုံးခင်း-မှော်စီစာ ကားကြီးပတ်လမ်းနှင့် ကုဋေအုပ်စု ဆက်သွယ်ထားသည့် လမ်းဆုံနေရာများကိုလည်း ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်များနှင့် ဈေးဆိုင်များမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် မေလ ၈ ရက်နှင့် ၁၀ ရက်နေ့တို့တွင်လည်း ဖားကန့်မြို့ မှော်စီစာရွာ ဘုရားကုန်းပေါ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင့် မှော်စီစာရွာ ဘုန်းကြီးကျောင်းနားတွင်ရှိနေသော ပြည်သူ ၁ ဦးကို ကျည်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ နမ့်မဖြစ်ရွာတွင်လည်း စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် စားသောက်ဆိုင်တစ်ဆိုင်ကို ဒရုန်းဗုံးကျရောက် ပေါက်ကွဲပြီး ပြည်သူ ၁ ဦးသေဆုံးကာ ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article