ရန်ကုန်၊ မေ ၁
ထိုင်းနိုင်ငံ၊ အုထိုင်းထာနီ (Uthai Thani) ပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သားများကို သယ်ဆောင်လာသော ကားတစ်စီးက ရဲတပ်ဖွဲ့၏ စစ်ဆေးမှုကို ရှောင်လွှဲကာ ၂၀ ကီလိုမီတာကျော်ကြာ အသည်းယားဖွယ် မောင်းနှင်ထွက်ပြေးခဲ့ပြီးနောက် လမ်းပိတ်ဖမ်းသည့် ရဲတပ်ဖွဲ့၏ ကင်းလှည့်ကားကို ဝင်ရောက်တိုက်မိကာ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) က သတင်းထုတ်ပြန်သည်။
ထိုင်းအဝေးပြေးရဲတပ်ဖွဲ့ဝင်များက အုထိုင်းထာနီပြည်နယ်အတွင်း လုံခြုံရေးအရ ပူးပေါင်းစစ်ဆေးမှုများ ပြုလုပ်နေစဉ် အရှိန်ပြင်းစွာ မောင်းနှင်လာပြီး ကားနောက်ခန်းတွင် ပုံမှန်ထက် အလေးချိန်ပိုမိုတင်ဆောင်လာသည့် သံသယဖြစ်ဖွယ် ပစ်ကပ် (Pickup) ကားတစ်စီးကို တွေ့ရှိခဲ့ရကြောင်း၊ ထိုင်းအာဏာပိုင်များက အဆိုပါကားကို စစ်ဆေးရန်အတွက် ရပ်တန့်ရန် အချက်ပြခဲ့သော်လည်း ကားမောင်းနှင်သူမှာ ရပ်တန့်ခြင်းမရှိဘဲ အရှိန်မြှင့်ကာ ထွက်ပြေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါကားသည် ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုမှလွတ်မြောက်ရန် ၂၀ ကီလိုမီတာကျော်အထိ အတင်း မောင်းနှင်ထွက်ပြေးခဲ့ပြီးနောက် နောက်ဆုံးတွင် အဝေးပြေးရဲတပ်ဖွဲ့၏ ရှေ့ကပိတ်ဆို့ထားသည့် ရဲကင်းလှည့်ကားကို အရှိန်ပြင်းစွာဖြင့် ဝင်ရောက်တိုက်မိကာ လမ်းပိတ်မိပြီး သွားလာရမရတော့ဘဲ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရှိရသည်။
ရဲတပ်ဖွဲ့က အဆိုပါကားကို ဝိုင်းပတ်ပိတ်ဆို့ ရှာဖွေခဲ့ရာ ကားမောင်းနှင်သူ ထိုင်းနိုင်ငံသား ၁ ဦးနှင့်အတူ ကားအတွင်း၌ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ပြည်ပသို့ ခိုးဝင်လာကြပြီး ပုန်းအောင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၁၅ ဦးကို ရှာဖွေတွေ့ရှိခဲ့ရသည်။
ဖမ်းဆီးခံရသည့် ထိုင်းနိုင်ငံသား ကားမောင်းသမား၏ ထွက်ဆိုချက်အရ ၎င်းသည် အဆိုပါ မြန်မာလုပ်သားများကို သယ်ဆောင်ပေးရန်အတွက် တစ်ဦးလျှင် ထိုင်းဘတ် ၁,၀၀၀ စီ (ထိုင်းဘတ် တစ်ထောင်စီ) အခကြေးငွေရရှိရန် သဘောတူညီကာ သယ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားသည်။
လက်ရှိတွင် ထိုင်းအဝေးပြေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိသူ ထိုင်းနိုင်ငံသား အပါအဝင် စုစုပေါင်း သံသယရှိသူ ၁၆ ဦးစလုံးကို အုထိုင်းထာနီမြို့မရဲစခန်း (Muang Uthai Thani Police Station) သို့ လွှဲပြောင်းပို့ဆောင်ထားပြီး၊ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူအပြစ်ပေးနိုင်ရေးအတွက် တရားစွဲဆိုရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။






