ရန်ကုန်၊ မေ ၁၇
မကွေးတိုင်း၊ ပေါက်မြို့နယ် ပုသိမ်-မုံရွာ လမ်းအတိုင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလာ၍ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော်ကျားဇိုး (LDF) မှ ကိုကျားဇိုးနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၁၇ ရက်နေ့တွင် ဆိပ်ဖြူမြို့ ကပစ ၂၂ မှ ထွက်လာသော အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပုသိမ်-မုံရွာ လမ်းအတိုင်း စစ်ကြောင်းထိုးလာပြီး ညနေ ၅ နာရီခန့်တွင် ပေါက်မြို့နယ် တောင်ပိုင်း ခပ်ကန်ကားပြင်ဆိုင် အနီးတဝိုက်ကို ရောက်ရှိနေကြောင်း သိရသည်။
ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ပေါက်မြို့နယ်အတွင်းရှိ သပြေကန်ကျေးရွာနှင့် ချက်ကန်ကျေးရွာမှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့် ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရှိရသည်။
” ဆိပ်ဖြူမြို့ ကပစ ၂၂ ကနေ ထွက်လာတဲ့ စစ်ခွေး အင်အားက ၂၀၀ခန့်ရှိတယ်။ စစ်ကြောင်းကြောင့် ပေါက်မြို့နယ်အတွင်း သပြေကန်ကျေးရွာ၊ ချက်ကန်ကျေးရွာနဲ့ အနီးအနားရွာက ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရတယ်။ အခုတိမ်းရှောင်နေရတာက ပြည်သူ ထောင်နဲ့ချီတယ်” ဟု ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော်ကျားဇိုး (LDF) မှ ကိုကျားဇိုးက ပြောဆိုသည်။
အလားတူ ဧပြီလ ၂၅ ရက်နေ့ကလည်း ဆိပ်ဖြူမြို့နယ်ရှိ ကပစ ၂၁ နှင့် ကပစ ၂၂ ဘက်မှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ဇီးဖြူကောင်းကျေးရွာနှင့် ရေပုတ်ကျေးရွာတို့ကို ရုတ်တရက် ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် ဇီးဖြူကောင်းရွာမှ နေအိမ် ၈၀ ကျော်နှင့် ရေပုတ်ရွာမှ နေအိမ် ၂၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ် စစ်ကြောင်း ညအချိန်ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်




