ရန်ကုန်၊ မေ ၁၈
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် ခမရ ၂၂၄ တပ်ရင်းမှ စစ်သား ၂ ဦးသည် တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်ခဲ့ကြောင်း KNU မြိတ်-ထားဝယ် ခရိုင်က ထုတ်ပြန်ထားသည်။
ဧပြီလ ၂၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၂၂၄ တပ်ရင်းမှ တပ်သား ၂ ဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၄)၊ တပ်ရင်း(၁၁)နှင့် မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များထံ လက်နက်မဲ့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
အလားတူ KNU ထိန်းချုပ်နယ်မြေဖြစ်သော မုန်းမြို့နယ်တွင် ဧပြီလ ၉ ရက်နေ့ကလည်း ခမရ-၅၈၁ တပ်ရင်းမှ တပ်သား မောင်ကျော်မင်းခန့် ၊ မောင်ကောင်းခန့်နှင့် မောင်အာကာ တို့ MA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခုနှင့် ကျည် ၁၇ တောင့် ယူဆောင်လာပြီး KNLA တပ်ရင်း ၈ ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဧပြီလ ၂၀ ရက်နေ့ကလည်း KNU ထိန်းချုပ်နယ်မြေ လယ်ဒိုမြို့နယ်တွင် ခမရ-၃၅၁ တပ်ရင်းမှ တပ်သား ရဲထက်ဦး ၊ တင်မျိုးလွင်၊ ရဲမင်းထွန်း၊ နိုင်းဝမ်း၊ ရန်ကျော်ဦး၊ အောင်ထွန်းနှင့် ဝင်းထွန်းဦး တို့ KNLA တပ်ရင်း ၉ ထံသို့ အလင်းဝင်ရောက်ခဲ့သေးကြောင်း သိရှိရသည်။
ပြည်သူ့ပန်းတိုင်အဖွဲ့၏ ကောက်ယူထားသော မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် မေလ ပထမပတ် အထိ အလင်းဝင် ပူးပေါင်းလာသော စစ်သား၊ လက်နက်ချ စစ်သားနှင့် စစ်သုံ့ပန်း စုစုပေါင်း ၃၁၁၇ ဦးထိရှိပြီ ဖြစ်ကြောင်း သိရသည်။




