ရန်ကုန်၊ မေ ၁၈
မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ လက်ပံတိုရေနံမှော်ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Gyrocopter ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် စျေးဆိုင်နေအိမ် ၁လုံး ပျက်စီးခဲ့ကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် အဖွဲ့မှ ဆရာထွေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ မေလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တက်လာသော Gyrocopter ၃စီးက မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ လက်ပံတိုရေနံမှော်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂ ကြိမ်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှု မရှိဘဲ စျေးဆိုင်နေအိမ် ၁လုံး ပျက်စီးသွားခဲ့ကြောင်း၊ သို့သော် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်မည်ကို စိုးရိမ်သောကြောင့် ပြည်သူများ တိမ်းရှောင်နေရကြောင်း သိရှိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ အဲ့ဘက်တွေမှာ စစ်ကြောင်းတွေ တိုက်ပွဲတွေ မရှိတဲ့နေရာပါ။ စစ်ခွေးတွေက ၂ ကြိမ် ချတာပြောတယ်။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူး။ စျေးဆိုင် ၁လုံးတော့ ပျက်စီးသွားတယ်လို့သိရတယ်။ အိမ်ဆိုင်လေးပေါ့။ ပြည်သူများအနေဖြင့် စစ်ကြောင်းနှင့် လေကြောင်း အန္တရာယ်တို့ကို သတိပြုနေထိုင်ချဖို့ ပြောချင်ပါတယ်”ဟု အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် အဖွဲ့မှ ဆရာထွေးက ပြောဆိုသည်။
အလားတူ ဧပြီလ ၄ ရက်နေ့ကလည်း မိတ္ထီလာရှမ်းတဲလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီး၊ မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၃ စီးက မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ကို လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ် ပြုလုပ်ခဲ့သေးကြောင်း သိရသည်။






