28 C
Yangon

မင်းတပ်၊ ဘုတလင်နှင့် ဒီပဲယင်းမြို့နယ်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ပေါက်တွင်လည်း စစ်တပ် စစ်ကြောင်းက စစ်ရှောင်ပြည်သူ ၅ ဦးကို ဖမ်းဆီးပြီး နွားလှည်းများကို လုယက်ယူဆောင်သွား

Must read

ရန်ကုန်၊ မေ ၁၈

ချင်ပြည်နယ်၊ မင်းတပ်မြို့ပေါ်၊ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်နှင့် ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာဖြင့် မင်းတပ်မြို့ပေါ်ကို ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှုအတွင်း နေအိမ်များ ပျက်စီးမှုရှိသော်လည်း ပြည်သူများ ထိခိုက်မှုရှိ၊မရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“မင်းတပ်မြို့ပေါ်ကို ပေါင် ၅၀၀ ဗုံးနဲ့ ကျဲသွားတာလို့တော့ သိရတယ်။ ပြည်သူတွေ ထိခိုက်မှုရှိ၊မရှိ ဆိုတာကတော့ အတည်မပြုနိုင်သေးဘူး။ နေအိမ်တွေ ထိခိုက်ပျက်စီးတယ်လို့တော့ ကြားမိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်နှင့် ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်၊ Gyrocopter များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်းဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ မေလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် မုံရွာမြို့ နမခ မှ တက်လာသော Gyrocopter ၂ စီးသည် အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးနေသော ဘုတလင်မြို့နယ် တောင်ခြမ်းရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ဒီပဲယင်းမြို့နယ် အနောက်တောင်ခြမ်းရှိ ကျေးရွာများကိုလည်း ယနေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် တံတားဦးလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက ၃ ကြိမ်ထက်မနည်း ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စက်လက်များဖြင့်ပါ ပစ်ခတ် တိုက်ခိုက်သွားကြောင်းသိရှိရသည်။

ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က စစ်ဘေးရှောင် ပြည်သူ ၅ ဦးကိုဖမ်းဆီးပြီး နွားလှည်းများကို ခိုးယူလုယက်သွားကြောင်း ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော်ကျားဇိုး (LDF) မှ ကိုကျားဇိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၇ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ် က ပ စ ၂၂ မှ ထွက်လာသော ယဥ်တန်းကား ၃၀ ကျော်နှင့် အင်အား ၉၀၀ ကျော်ပါ စစ်တပ် စစ်ကြောင်းသည် ယနေ့ မေလ ၁၈ ရက်နေ့တွင် ပေါက်မြို့နယ်အတွင်းရှိ ပုသိမ်-မုံရွာ လမ်းအတိုင်း ဆက်လက် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် ချက်ကမ်ရွာကို ရောက်ရှိစဉ် စစ်ဘေးရှောင်ပြည်သူများ၏ နွားလှည်းများကို ခိုးယူသွားကြောင်း၊ ထို့ပြင် စစ်ကြောင်း ထိုးရာ လမ်းတောက်လျောက်ရှိ ပြည်သူ ၅ ဦးကိုလည်း လူသားဒိုင်းအဖြစ်ဖမ်းဆီးထားကာ လက်ရှိချိန်တွင် စစ်ကြောင်းကြောင့် သပြေကန်ကျေးရွာ၊ ချက်ကန်ကျေးရွာ၊ ရန်ကင်းကျေးရွာ၊ မှန်ထောင်ကွင်းကျေးရွာနှင့် ဝက်လက်ရိုးအထက်စုရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရသည်။

“စစ်ခွေး စစ်ကြောင်းကြောင့် ပေါက်မြို့အတွင်းရှိ ကျေးရွာ ၅ ရွာမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ ထွက်ပြေး တိမ်းရှောင်နေရတဲ့ ကျေးရွာတွေကတော့ ပေါက်မြို့နယ်အတွင်းရှိ သပြေကန်ကျေးရွာနှင့် ချက်ကန်ကျေးရွာ၊ ရန်ကင်းကျေးရွာ မှန်ထောင်ကွင်းကျေးရွာ ၊ ဝက်လက်ရိုးအ ထက်စုရှိကျေးရွာများဖြစ်တယ်။ ထောင်နှင့် ချီသော ပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ စစ်ခွေးတွေက ပြည်သူ ၅ ဦးထက်မနည်းကိုလည်း ဖမ်းဆီးထားတယ်လို့သိရတယ်။ စစ်ခွေး စစ်ကြောင်းက ပြည်သူပိုင်ကားကိုလည်း ပေါ်တာဆွဲတာလာတယ်လို့ သိရတယ်။ စစ်ခွေး လှည်း ၃စီးကို ဖမ်းဆီးလာတယ်လို့ သိရတယ်။ မနေ့က ရှေးပြေး စစ် ကြောင်းထွက်လာတာက အင်အား ၄၀၀ကျော် ဒီနေ့ ယာဉ်တန်းနဲ့ ထွက်လာတာက အင်အား ၄၀၀ကျော် နှစ်ကြောင်းပေါင်းလိုက်တော့ ၉၀၀ကျော်လို့ သိရတယ်။ နေအိမ်ကို မီးရှို့တာမျိုးမရှိပါဘူး” ဟု ဆိပ်ဖြူ ပြောက်ကျား တကိုယ်တော်ကျားဇိုး (LDF) မှ ကိုကျားဇိုးက ပြောဆိုသည်။

Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် လောင်းလုံးမြို့နယ်၊ ဝေဒီရွာမှ ပြည်သူပိုင် နေအိမ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article