စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကာ ဒဏ်ရာရထားသော တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို ထားရစ်ကာ ဒုရဲအုပ် ဝင်းဇော်အောင် ကိုယ်လွတ်ရုန်းထွက်ပြေး
ရန်ကုန်၊ မေ ၁၉
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ စိုင်ပြင်မြို့ နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၁ ဦး သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်း ဆည်းရရှိခဲ့ကြောင်း အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနချုပ်က သတင်းထုတ်ပြန်သည်။
မေလ ၁၄ ရက်နေ့ အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနချုပ်က ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရန်နှင့် လုံခြုံရေးအာမခံချက်ပေးနိုင်ရန်အတွက် “Operation OTT” စစ်ဆင်ရေးဖြင့် ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ နယ်မြေရဲစခန်းကို စစ်သည်အင်အား ၆၀ ဦးဖြင့် လက်ဦးမှုရယူကာ စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် မေလ ၁၆ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်အချိန်တွင် အဆိုပါ ရဲစခန်းတစ်ခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲဖြစ်ပွားစဉ်အတွင်း စစ်ကောင်စီဘက်မှ ၁၁ ဦး သေဆုံးခဲ့ပြီး ၎င်းတို့ထံမှ လက်နက်ခဲယမ်းအမြောက် အမြားကိုလည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီဘက်မှ စခန်းမှူးဖြစ်သူ ဒုရဲအုပ် ဝင်းဇော်အောင်က ၎င်း၏ ကွပ်ကဲမှုအောက်ရှိ ကျဆုံးနှင့် ဒဏ်ရာရရှိခဲ့သည့် တပ်ဖွဲ့ဝင်များအပြင် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး ပါဝင်သော မိသားစုဝင်များကိုပါ တာဝန်မဲ့စွာဖြင့် သရဲဘောကြောင် စွန့်ပစ်ထားခဲ့ပြီး၊ ကိုယ်လွတ်ရုန်း ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရှီရသည်။
“စစ်ခွေး သေစာရင်းက ထပ်တိုးသေဆုံးတာမျိုး ထပ်တိုးစရာမရှိတော့ပါဘူး။ ကျနော်တို့က သူတို့မိသားစုဝင်တွေနဲ့ ဒဏ်ရာရထားတဲ့ တပ်သားတွေကို ကောင်းကောင်းစောင့်ရှောက်ထားပါတယ်။ ပြင်းထန်ဒဏ်ရာရထားသူတွေတောင် အခုဆို အသက်ဘေးအန္တရာယ်ကနေ ကင်းလွတ်ပါပြီ။ အောင်မြင်မှုကို မြင်ရင် အဲဒီနောက်ကွယ်က ပေးဆပ်ရမှုတွေကို သတိရကြပါ”ဟု အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာန ပြည်သူ့ကာကွယ်ရေး တပ်မတော် မှ တာဝန်ရှိသူက ပြောဆိုသည်။
လက်ရှိအချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် အကြမ်းဖက်စစ်တပ် အထိုင်ချတပ်စွဲထားခဲ့သည့် အဆိုပါ တပ်စခန်းအဆောက်အဦများနှင့် ခံစစ်ကုန်းများကို အပြီးအပိုင် ရှင်းလင်းဖျက်ဆီးခဲ့ပြီးနောက် မိမိတို့တပ်များကို စနစ်တကျ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။
“စိုင်ပြင်မြို့မှာက အဓိက အဲဒီ နယ်မြေရဲစခန်းကို အဓိက စစ်စခန်းအဖြစ် သုံးပြီး သူတို့က နေကြတာ။ နယ်မြေရဲစခန်းကို ရတာက စိုင်ပြင်မြို့ကို ထိန်းချုပ်လိုက်နိုင်တာပါ။ စိုင်ပြင်က အရင်က ရွာကြီး၊ နောက်ပိုင်းတော့ မြို့သတ်မှတ်တာ။ စခန်းသိမ်းလိုက်ကတည်းက မြို့ကို ထိန်းချုပ်လိုက်တာ ဒေသပြည်သူအားလုံး သိကြတယ်။ လေယာဉ်နဲ့ ဗုံးကျဲမှာ ကြောက်လို့ အားလုံးက အသံတိတ်ပြီး လုပ်စရာရှိတာ လုပ်သွားကြတာ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနချုပ်၏ ထုတ်ပြန်ချက်တွင် ယခုစစ်ဆင်ရေး အောင်ပွဲသည် ကျည်လက်နက်ခဲယမ်းများ၏ စွမ်းပကားကြောင့်သာမဟုတ်ဘဲ ပြည်သူလူထု၏ စစ်ရေး၊ လုံခြုံရေးအသိသတိရှိစွာဖြင့် ပူးပေါင်းပါဝင်မှု၊ စစ်သည်များ၏ တာဝန်သိမှုနှင့် ရဲဝံ့စွန့်စားမှုတို့ကြောင့် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်တပ်က မြို့နယ်ဧရိယာအနည်းငယ်ကိုသာ စိုးမိုးနိုင်ပြီး မြို့နယ်တစ်ခုလုံးကို တော်လှန်ရေးတပ်များက စိုးမိုးထားခြင်းဖြစ်သည်။
ဓာတ်ပုံ – စိုင်ပြင်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဒဏ်ရာရသူတချို့ကို တော်လှန်ရေးတပ်များက သယ်ထုတ်လာစဉ်။
Photo- အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာန ။




