ရန်ကုန်၊ မေ ၂၀
ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စန်ခလပူရီမြို့နယ်တွင် တရားမဝင် ခိုးဝင်လာသော မြန်မာနိုင်ငံသား ၁၁ ဦးနှင့် ထိုင်းနိုင်ငံသား ယာဉ်မောင်း ၁ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းများအရ သိရသည်။
မေလ ၁၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ကန်ချနပူရီခရိုင် ရဲတပ်ဖွဲ့မှ အရာရှိများ၊ စန်ခလပူရီမြို့နယ် ရဲတပ်ဖွဲ့မှ အရာရှိများနှင့် ထိုင်းအစိုးရအာဏာပိုင်များက ပူးပေါင်းကာ သံခလပူရီ လမ်းဦးစီးဌာနခွဲရှေ့တွင် တရားမဝင် နိုင်ငံခြားသားများကို ရှာဖွေရန် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ စစ်ဆေးနေစဉ် သံသယဖြစ်ဖွယ် Toyota Revo အမျိုးအစား အဖြူရောင် ကား ၁ စီးကို တွေ့ရှိ၍ ရပ်တန့် စစ်ဆေးခဲ့ရာ ကားပေါ်တွင် လူအများအပြား တင်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကားကို စစ်ဆေးရာတွင် ယာဉ်မောင်းဖြစ်သူ ဆူရတ်ထာနီခရိုင်တွင် နေထိုင်သည့် အသက် ၄၈ နှစ်အရွယ် ထိုင်းနိုင်ငံသား နှင့် ကားပေါ်တွင် လိုက်ပါလာသော တရားမဝင် ခိုးဝင်လာသော မြန်မာအလုပ်သမား ၁၁ ဦးသည် ထိုင်းနိုင်ငံအတွင်း တရားဝင် နေထိုင်ခွင့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိ၍ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
လက်ရှိချိန်တွင် ဖမ်းဆီးရမိသည့် မြန်မာအလုပ်သမား ၁၁ ဦးလုံးကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ခိုးဝင်လာကာ ခွင့်ပြုချက်မရှိဘဲ နေထိုင်မှုနှင့် ထိုင်းနိုင်ငံသား ယာဉ်မောင်းဖြစ်သူကို တရားမဝင် ခိုးဝင်လာသော နိုင်ငံခြားသားများ ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်စေရန် နည်းလမ်းမျိုးစုံဖြင့် ကူညီဖုံးကွယ်ပေးမှုတို့ဖြင့် စန်ခလပူရီမြို့နယ် ရဲစခန်းသို့ လွှဲပြောင်းကာ ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။






