ရန်ကုန်၊ မေ ၂၃
မြန်မာနိုင်ငံတွင် ပရဟိတ၊ လူမှုရေး၊ ပညာရေးနှင့် နိုင်ငံရေးကဏ္ဍများ၌ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး လူထုအကျိုး ပြုလုပ်ငန်းများကို တစိုက်မတ်မတ် လုပ်ဆောင်နေသူများကို ဂုဏ်ပြုပေးအပ်သည့် ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award) ၏ ၂၀၂၆ ခုနှစ်အတွက် ၁၇ ကြိမ်မြောက် ဆုရှင်အဖြစ် ဦးမင်းကိုနိုင်ကို ရွေးချယ်ချီးမြှင့်လိုက်ကြောင်း သိရသည်။
ယနေ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပပြုလုပ်နေသော ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ယင်းသို့ ဦးမင်းကိုနိုင်ကို ၂၀၂၆ ခုနှစ်အတွက် ၁၇ ကြိမ်မြောက် ဆုရှင်အဖြစ် တရားဝင် ကြေညာလိုက်ခြင်း ဖြစ်သည်။
ဦးမင်ကိုနိုင်သည် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးအခင်းကြီးမှစတင်၍ ယနေ့ နွေဦးတော်လှန်ရေးတွင်ပါ တက်ကြွစွာ ဦးဆောင်ပါဝင်နေခြင်းနှင့် ပြည်သူလူထုဘက်မှ အမြဲမပြတ်ရပ်တည်ခဲ့ခြင်းကြောင့် ၁၇ ကြိမ်မြောက် ဆုရှင်အဖြစ် ကြေညာရခြင်းဖြစ်ကြောင်း သိရှိရသည်။
၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရှင် ဦးမင်းကိုနိုင်သည် ၁၉၈၀ ခုနှစ်လွန်နှစ်များအတွင်း ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင် သတ္တဗေဒအထူးပြုဖြင့် ပညာသင်ကြားနေစဉ် ရှစ်လေးလုံးကာလ ကျောင်းသားသမဂ္ဂခေါင်းဆောင်နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ABFSU) ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ရင်း စစ်အာဏာရှင်ကို ရှေ့တန်းမှ ဦးဆောင် တော်လှန်ခဲ့သည်။
ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးတွင် ထိပ်တန်းမှ ဦးဆောင်ခဲ့မှုကြောင့် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရ၏ ဖမ်းဆီးအကျဉ်းချခြင်းကို ခံခဲ့ရသည်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် သမ္မတဦးသိန်းစိန်အစိုးရ၏ စတုတ္ထအကြိမ်မြောက် အကျဉ်းသား ၆၅၁ ဦး လွတ်ငြိမ်းချမ်းသာခွင့်တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။
ယင်းနောက် ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးလုပ်ငန်းများကို တစိုက်မတ်မတ် ဆက်လက်လုပ်ဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးတွင်လည်း ပြည်သူလူထုဘက်မှ ဆက်လက်ရပ်တည်ကာ စစ်အာဏာရှင်ဆန့်ကျင် တော်လှန်ရေးတွင် ယနေ့အချိန်အထိ ဆက်လက်ဦးဆောင်ပါဝင်နေဆဲဖြစ်သည်။
ဦးမင်းကိုနိုင်သည် မြန်မာ့ဒီမိုကရေစီအရေးတွင် ကိုယ်ကျိုးစွန့် ဆောင်ရွက်ခဲ့မှုများကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ထင်ရှားသော နိုင်ငံတကာဆုများ ရရှိခဲ့သည်။
ဦးမင်းကိုနိုင်သည် ကနေဒါနိုင်ငံမှ John Humphrey လွတ်မြောက်ရေးဆု (ဒေါက်တာစင်သီယာမောင်နှင့် ပူးတွဲရရှိ)၊ ချက်သမ္မတနိုင်ငံ၊ People in Need ဖောင်ဒေးရှင်းမှ Homo Homini ဆု၊ နော်ဝေးနိုင်ငံမှ ကျောင်းသားငြိမ်းချမ်းရေးဆု (Student Peace Prize)၊ အမေရိကန်နိုင်ငံ၊ Train ဖောင်ဒေးရှင်းမှ လူမှုရဲစွမ်းသတ္တိဆု (Civil Courage Prize)၊ တောင်ကိုရီးယားနိုင်ငံမှ ဂွမ်ဂျူးလူ့အခွင့်အရေးဆု အပါအဝင် နိုင်ငံတကာဆုများစွာ ရရှိခဲ့သည်။
ပြည်သူ့ဂုဏ်ရည်ဆုကို ပြည်ပရောက် တိုင်းရင်းသားမြန်မာမိသားစုများနှင့် အဝေးရောက်မြန်မာများ စုစည်းဖွဲ့စည်းထားသည့် ပြည်သူ့ဂုဏ်ရည်အသင်း (Citizen of Burma Award – COBA) က ချီးမြှင့်ခြင်းဖြစ်ပြီး ပြည်သူ့ဂုဏ်ရည်အသင်းကို ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။




