27 C
Yangon

မြန်မာ့အရေးကို အရေးပေါ်အန္တရာယ်အဖြစ် သတ်မှတ်ရန်၊ မြန်မာစစ်တပ်ကို အသိအမှတ် မပြုရန် အရပ်ဘက်အဖွဲ့ ၆၆ ခုက အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နှင့် ဩစတြေးလျ တို့ပါဝင်သော Quad မဟာမိတ်နိုင်ငံများထံသို့ တောင်းဆို

Must read

ရန်ကုန်၊ မေ ၂၄

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို ဒေသတွင်း တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံရေးကို ထိခိုက်စေနိုင်သည့် အရေးပေါ်အန္တရာယ် (Emergency Threat) တစ်ရပ်အဖြစ် တရားဝင်သတ်မှတ်ရန်နှင့် အကြမ်းဖက်စစ်ကောင်စီကို မည်သည့်နည်းနှင့်မျှ အသိအမှတ်မပြုကြရန် အရပ်ဘက်အဖွဲ့အစည်း ၆၆ ခုက အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နှင့် ဩစတြေးလျ နိုင်ငံတို့ ပါဝင်သော Quad မဟာမိတ်ခေါင်းဆောင်များထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ တောင်းဆိုလိုက်ကြသည်။

မေလ ၂၃ ရက်နေ့တွင် ထိုသို့ အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုလိုက်ခြင်းဖြစ်ပြီး Quad မဟာမိတ်နိုင်ငံများ၏ ထိပ်သီးခေါင်း ဆောင်များ အစည်းအဝေး ကျင်းပရန် နီးကပ်လာချိန် အဆိုပါ အရပ်ဘက်အဖွဲ့အစည်းများက မြန်မာ့အရေးနှင့် ပတ်သက်၍ ဒေသတွင်း မဟာဗျူဟာမြောက် ဦးစားပေးအဆင့် သတ်မှတ်ကာ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးရန် စုပေါင်းတိုက်တွန်းလိုက်ကြခြင်းဖြစ်သည်။

အရပ်ဘက်အဖွဲ့များ၏ အိတ်ဖွင့်ပေးစာတွင် အဓိကအချက် (၃) ချက်ကို အလေးအနက်ထား တောင်းဆိုထားပြီး မြန်မာ့အရေးကို အရေးပေါ်အန္တရာယ်အဖြစ် သတ်မှတ်ရန် ၊ မြန်မာနိုင်ငံအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်စစ်ဆင်ရေးများ၊ လေကြောင်းမှ အရပ်သားပြည်သူများကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှု လုပ်ရပ်များသည် အိမ်နီးချင်းနိုင်ငံများနှင့် အင်ဒို-ပစိဖိတ် (Indo-Pacific) ဒေသတစ်ခုလုံး၏ တည်ငြိမ်ရေးကိုပါ တိုက်ရိုက်ခြိမ်းခြောက်နေသည့် အရေးပေါ်လုံခြုံရေးအန္တရာယ်အဖြစ် Quad နိုင်ငံများက ရှုမြင်ရန် ထောက်ပြ တောင်းဆိုထားသည်။

ယင်းအပြင် မြန်မာစစ်ကောင်စီကို အသိအမှတ်မပြုရန်နှင့် အထီးကျန်ဆန်စေရန် တောင်းဆိုထားပြီး အာဏာသိမ်းစစ်ကောင်စီကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် သံတမန်ရေးအရော၊ စီးပွားရေးအရပါ လုံးဝအသိအမှတ်မပြုဘဲ ၎င်းတို့၏ တရားမဝင်မှုကို ပိုမိုထင်ရှားစေရန် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် အထီးကျန်အောင် ဝိုင်းပယ်ရန် ဆက်လက်တောင်းဆိုထားသည်။

နောက်ဆုံးအချက်အနေဖြင့် စစ်ကောင်စီက အရပ်သားပြည်သူများကို သတ်ဖြတ်ရာတွင် အသုံးပြုနေသည့် လေယာဉ်ဆီ တင်သွင်းမှုများ၊ လက်နက်ခဲယမ်းနှင့် နည်းပညာပံ့ပိုးမှုများကို Quad မဟာမိတ်နိုင်ငံများ၏ ဩဇာနှင့် စီးပွားရေးပိတ်ဆို့မှု ယန္တရားများအသုံးပြု၍ ထိရောက်စွာ ပိတ်ဆို့တားဆီးပေးရန် အရပ်ဘက်အဖွဲ့များက ၀ိုင်းဝန်းတောင်းဆိုထားကြသည်။

ထို့ပြင် အဆိုပါ အိတ်ဖွင့်ပေးစာတွင် မြန်မာပြည်သူများ၏ နွေဦးတော်လှန်ရေးနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေး ကြိုးပမ်းမှုများကို ကူညီအားပေးရန်၊ အမှန်တကယ် မြေပြင်တွင် ပြည်သူလူထုကို ကိုယ်စားပြုပြီး နယ်မြေစိုးမိုးထားသည့် တော်လှန်ရေး အင်အားစုများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့် တရားဝင် ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်လုပ်ဆောင်ရန်လည်း တောင်းဆိုထားသည်။

မြန်မာစစ်တပ်က ဒေသတွင်း၌ တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေကာ လူမှောင်ခိုကူးမှု၊ ဆိုက်ဘာငွေလိမ် လည်မှု လုပ်ငန်း (Online Scams) များနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများကိုပါ ကျော ထောက်နောက်ခံပြုနေသဖြင့် Quad မဟာမိတ်အဖွဲ့အနေဖြင့် နှုတ်ဆိတ်မနေဘဲ မြန်မာပြည်သူများဘက်မှ ရပ်တည်ကာ ပြတ်သားသည့် ပူးပေါင်းအရေးယူမှုများ ချက်ချင်းလုပ်ဆောင်ပေးရန် အရပ်ဘက်အဖွဲ့ ၆၆ ခုက တိုက်တွန်းတောင်းဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article