28 C
Yangon

မင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံချက်အတွင်း ငြိမ်းချမ်းရေးနှင့်အပစ်ရေး ဆွေးနွေးမည်ဟုကြေညာထားသော်လည်း KIO/KIA နယ်မြေများကို အပြင်းအထန် ထိုးစစ်ဆင်နေ၍ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေဟု ဗိုလ်မှူးကြီးနော်ဘူပြော

Must read

ရန်ကုန်၊ မေ ၂၅

အကြမ်းဖက် မင်းအောင်လှိုင်က ရက် ၁၀၀ စီမံချက်အတွင်း ငြိမ်းချမ်းရေးနှင့်အပစ်ရေး ဆွေးနွေးလုပ်ဆောင်မည်ဟု ကြေ ညာထားသော်လည်း KIO/KIA နယ်မြေများကို အပြင်းအထန် ထိုးစစ်ဆင်နေ၍ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေဟု KIO/KIA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၀ ရက်နေ့တွင် အကြမ်းဖက် မင်းအောင်လှိုင်က သမ္မတရာထူးကို ဇွတ်အတင်းလုယူပြီးနောက် ငြိမ်းချမ်းရေးနှင့် အပစ်ရပ်ရေး ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်မည်ဟု ကြေညာခဲ့ကြောင်း၊ သို့ရာတွင် ယင်းသို့ ​ကြေညာပြီးနောက် စစ်တပ်က ကချင်ပြည်နယ်၊ ကချင်နှင့်စစ်ကိုင်းအစပ်၊ မန္တလေး-မြစ်ကြီးနား မဟာဗျူဟာ လမ်းတစ်လျှောက်ကို အပြင်းအထန် ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း ၎င်းက ရှင်းပြသည်။

“ရက် ၁၀၀ စီမံကိန်း ငြိမ်းချမ်းရေး၊ အပစ်ရပ်ရေးဆိုတာနဲ့ပတ်သက်လို့ ကျနော်တို့ KIO/KIA ကို စာနဲ့ဖြစ်စေ၊ လူပုဂ္ဂိုလ်နဲ့ဖြစ်စေ အကြောင်းကြားတာမရှိပါဘူး။ အခုဆိုရင် ကျနော်တို့ ကချင်ပြည်နယ်၊ ဗန်းမော်၊ ရွှေကူ၊ ၀ိုင်းမော်၊ ဖားကန့်၊ အင်းတော်ကြီးဘက်တွေ၊ နောက်​ပြီး ကချင်နဲ့စစ်ကိုင်းအစပ်၊ မန္တလေး-မြစ်ကြီးနားလမ်းတစ်လျှောက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ကျနော်တို့ကတော့ စစ်တပ်ရဲ့ ထိုးစစ်ကို အတတ်နိုင်ဆုံး ခုခံနေပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ငြိမ်းချမ်းရေးနှင့်အပစ်ရပ်ရေးဟု ကြေညာပြောဆိုထားသော်လည်း KIO/KIA အနေဖြင့် အားလုံးပါဝင်သော တွေ့ဆုံညှိနှိုင်းရေး အစည်းအဝေးကြီးဖြစ်မှသာလျှင် ငြိမ်းချမ်းရေးနှင့်အပစ်ရပ်ရေး အဆင်ပြေနိုင်လိမ့်မည်ဟု ထင်မြင်ကြောင်း၊ တစ်ဖွဲ့ချင်းစီ ဖိတ်ခေါ်ခြင်းနှင့် ဆွေးနွေးမှုများသည် ငြိမ်းချမ်းရေးအတွက် အဆင်ပြေနိုင်မည်ဟု မထင်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

“ကျနော်တစ်ဦးတည်းအမြင်နဲ့ ပြောရရင် အားလုံးပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းတဲ့ အစည်းအဝေးဆိုရင် အဆင်ပြေနိုင်ပေမယ့် တစ်ဖွဲ့ချင်းဆိုရင် အဆင်မပြေနိုင်ဘူး။ ဒါက ကျနော့်တစ်ဦးတည်းအမြင်ပါ” ဟု ၎င်းက ရှင်းပြသည်။

သို့ရာတွင် အကြမ်းဖက်စစ်တပ်၏ ခြေလှမ်းများကိုကြည့်မည်ဆိုပါက KIO/KIA နှင့် တိုက်ပွဲများ ဖြစ်ပွားရေးနှင့် စစ်ရေးအခြေ အနေအရ ဖြေရှင်းသည့်နည်းလမ်းကိုသာ ဆောင်ရွက်နေသည်ကို မြင်တွေ့နိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

” စစ်ရေးနဲ့ တိုက်ပွဲကတော့ ပိုပြီး ပြင်းထန်နေတာတွေ့ရတယ်။ KIO/KIA နဲ့ ညှိနှိုင်းတာအစား စစ်ရေးမဟာ ဗျူဟာကို ပိုပြီး သုံးလာတာတွေ့ရတော့ ဦးစွာ စစ်ရေးကပဲ အရင် တိုက်ပွဲဖော်ဆောင်မယ်ဆိုတဲ့အခြေအနေမျိုးတွေ့နေရတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

လတ်တလော စစ်တပ်၏ ရက် ၁၀၀ စီမံချက်အတွင်း ငြိမ်းချမ်းရေးနှင့်အပစ်ရ်ပရေး ကြေညာမှုများအပေါ် KIO/KIA အနေဖြင့် တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိဘဲ မည်သည့်လမ်းညွှန်ချက်မှလည်း မရှိကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသွားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article