ရန်ကုန်၊ မေ ၂၅
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကျောက်တံခါးကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်ပြီး ညအိပ်တပ်စွဲခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူပိုင်နွားများကို သတ်ဖြတ်စားသောက်ကာ နေအိမ်အသုံးအဆောင် ပစ္စည်းများကို ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မေလ ၂၄ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ပေါက်မြို့နယ်၊ ကျောက်တံခါးကျေးရွာအတွင်း ကားအစီး ၃၀ ကျော်နှင့် အင်အား ၂၅၀ ခန့်ပါသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်း ၃ ညအိပ် တပ်စွဲခဲကြောင်း၊ ထို့နောက် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နွားများကို သတ်ဖြတ်စားသောက်ပြီး အိုးခွက်ပန်းကန်များကိုလည်း လမ်းမကြီးပေါ်တွင် စစ်ကားများဖြင့် နင်းချေဖျက်ဆီးကာ စက်ပစ္စည်းများကိုလည်း ရိုက်ခွဲဖျက်ဆီးခဲ့ပြီး PDF တပ်များကိုလည်း အလင်းဝင်ရန် စာများ ရေးသားထားခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေ ရွာထဲမှာ ၃ ညအိပ်သွားတာ။ မနေ့က မနက် ၇ နာရီလောက်ကျမှ ရွာအနောက်ဘက် ပုံတောင်နတ်ထိပ်ဘက်ကို စစ်ကား ၃၀ ကျော်နဲ့ တက်သွားကြတယ်။ ရွာထဲမှာတော့ ပြည်သူပိုင်နွားကို သတ်စားပြီး အရိုးတွေ၊ အူတွေပဲ ထားခဲ့တယ်။ အိမ်တွေထဲက ဒန်အိုးတွေကိုလည်း လမ်းပေါ်တင်ပြီး စစ်ကားတွေနဲ့ တမင်နင်းသွားကြတာ။ ဒိုင်နမိုတွေကိုလည်း ဖျက်ဆီးသွားတယ်။ “ဆိပ်ဖြူ ကပစ ၂၂ ကပါ ၄ တပ်ရင်းပေါင်း ၁၀၁ ပခုက္ကူ၊ ၉၉ မိတ္ထီလာ၊ ၅၅ ကလော၊ ၈၈ မကွေး တို့က ဒုတိယထွက်တဲ့ စစ်ခွေးစစ်ကြောင်းပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ပေါက်မြို့နယ် ကျောက်တံခါးကျေးရွာကို ဝင်ရောက်စီးနင်းဖျက်ဆီးခဲ့သည့် စစ်ကြောင်းသည် ဆိပ်ဖြူမြို့အခြေစိုက် ကပစ ၂၂ မှ တပ်မ ၁၀၁ (ပခုက္ကူ)၊ တပ်မ ၉၉ (မိတ္ထီလာ)၊ တပ်မ ၅၅ (ကလော) နှင့် တပ်မ ၈၈ (မကွေး) စသည့် တပ်မ ၄ ခုမှ စစ်သားများဖြစ်ပြီး လက်ရှိချိန်တွင် ပုံတောင်နတ်ထိပ်ဘက်ကို ဆက်လက်စစ်ကြောင်းထိုးနေကြောင်း သိရသည်။
ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ပျူစောထီးများက ပြည်သူ ၈ ဦးကို ဖမ်းဆီးသွားပြီး စားနပ်ရိက္ခာ၊ အရက်ဘီယာများဖြင့် ပြန်ရွေးခိုင်းကြောင်း Yesagyo Township Info Committee အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ရေစကြိုမြို့နယ်၊ မင်းရွာရှိ ပျူစောထီးများသည် ကိုင်းရွာနှင့် ငတရော်ရွာ အကြားကို စစ်ကြောင်းထိုးလာပြီး တောင်ယာလုပ်နေသော ပြည်သူ ၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ စစ်တပ်က ဖမ်းသွားသော ပြည်သူများသည် မင်းရွာမှ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၄ ဦး၊ ကိုင်းရွာမှ အမျိုးသမီး ၁ ဦးနှင့် ငတရော်ရွာမှ အမျိုးသား ၂ ဦးတို့ ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးသွားသူများထဲမှ ငတရော်ရွာမှ ၂ ဦးကိုသာ စားနပ်ရိက္ခာ၊ အရက်ဘီယာများဖြင့် ပြန်လည် ရွေးထုတ်နိုင်ခဲ့ပြီး ကျန်ရှိနေသော ပြည်သူများကို ဆက်လက် ဖမ်းဆီးထားဆဲဖြစ်ကြောင်း၊ ရေလယ်ကျွန်းဒေသတွင် ပျူစောထီးများသည် စခန်းချတပ်စွဲပြီး မင်းရွာကျေးရွာ အနီးပတ်ဝန်းကျင်ကျေးရွာများကို မကြာခဏ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် မင်းရွာမှ ပျူစောထီးများသည် ရိက္ခာပြတ်နေ၍ ပြည်သူများကို ဆက်လက် ဖမ်းဆီးကာ စားနပ်ရိက္ခာများ ရွေးခိုင်ခြင်းများ ထပ်မံလုပ်ဆောင်လာနိုင်ကြောင်း တော်လှန်ရေး အင်အားစုများက အသိပေး ပြောဆိုထားသည်။
“စစ်ခွေးတွေ ဖမ်းဆီးသွားတာ ပြည်သူ ၈ ဦးလို့ သိရတယ်။ ပြီးရင် သူတို့က ဆန်၊ ဆီတင်မကဘူး အရက် ဘီယာတွေရော တောင်းတယ်လို့သိရပါတယ်။ အခု ငတရော်ရွာက ပြည်သူ ၂ ဦးပဲ ပြန်လွတ်မြောက်လာသေးတယ်။ ကျန်လူတွေတော့ မသိရသေးဘူး။ သူတို့တောင်းတာတွေပေးပြီး ရွေးရတာ” ဟု Yesagyo Township Info Committee အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။





