28 C
Yangon

မြိုင်မြို့နယ်၊ လင်းကတောရွာ ရဲစခန်းမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး၊ ဖားကန့်မြို့ မရှီကထောင် ဆုတောင်းကုန်းရှိ စစ်တပ်ကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ မေ ၂၅

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောရဲစခန်းမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်မြို့နယ် ပကဖ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၂၅ ရက်နေ့တွင် မြိုင်မြို့နယ်၊ လင်းကတောရဲစခန်းမှ အင်အား ၂၀၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လင်းကတောကျေးရွာ မြောက်ဘက်ရှိ ချောက်တောင်းကျေးရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို မိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ လင်းကတောရွာရှိ ဘုန်းကြီးကျောင်းအတွင်းကို ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။

“ဒီနေ့ပဲ လင်းကတောရဲစခန်းကနေ အင်အား ၂၀၀ လောက်နဲ့ ထွက်လာတဲ့ စစ်ခွေးစစ်ကြောင်း လင်းကတောမြောက်ဘက် ချောက်တောင်းရွာနားမှာ မိုင်းမိတာ။ ပွဲချင်းပြီး ၁ ယောက်သေတယ်၊ ၃ ယောက်ကတော့ ဒဏ်ရာပြင်းတယ်လို့ သိရတယ်။ မိုင်းမိပြီးတော့ စစ်ကြောင်းက လင်းကတော ဘုန်းကြီးကျောင်းထဲကိုပဲ ပြန်လှည့်ဝင်သွားတယ်။ ရိက္ခာလာပို့တယ်လို့ ထင်တာပဲ” ဟု မြိုင်မြို့နယ် ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်။

လက်ရှိချိန်တွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လင်းကတောကျေးရွာ ဘုန်းကြီးကျောင်းအတွင်းကို ဝင်ရောက်သွားပြီး အနီးနားရှိ ကျေးရွာများမှ ပြည်သူများအနေဖြင့် စစ်ကြောင်းပြန်ထွက်လာနိုင်၍ စစ်ရေးသတိပြုကြရန် ဒေသတော်လှန်ရေးအင်အားစုများက သတိပေး နှိုးဆော်ထားကြောင်း သိရသည်။

ထို့ပြင် ကချင်ပြည်နယ်၊ ဖားကန့်မြို့ မရှီကထောင် ဆုတောင်းကုန်းရှိ အကြမ်းဖက် စစ်သားများကိုလည်း KIA ပူးပေါင်းတပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၂၅ ရက်နေ့ ညနေပိုင်းတွင် ဖားကန့်မြို့ မရှီကထောင် ဆုတောင်းကုန်းရှိ အကြမ်းဖက် စစ်သားများကို KIA ပူးပေါင်းတပ်က ဒရုန်းဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျဲ တိုက်ခိုက်မှု အတွင်း စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“မရှီကထောင် ဆုတောင်းကုန်းက စစ်ခွေးတွေကို ဒရုန်းနဲ့ ၂ ကြိမ် သွားချတာလို့ သိရတယ်။ ၂ ကြိမ်လုံး စစ်ခွေးထိတယ်။ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ မေလ ၂၃ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်ကလည်း ဖားကန့်မြို့ရှိ အကြမ်းဖက် စစ်တပ် ဗျူဟာကုန်းကို KIA ပူးပေါင်းတပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

ဓာတ်ပုံ – မြိုင်မြို့နယ်တွင် မိုင်းဆွဲ တိုက်ခိုက်ခံရသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article