ရန်ကုန်၊ မေ ၂၇
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲအတွင်းသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သား ၂၁ ဦးသေဆုံးခဲ့ပြီး၊ အထိနာသွားသော စစ်ကောင်စီတပ်က ပြည်သူ့နေအိမ်အလုံး ၃၀၀ ခန့်ကို မီးရှို့ဖျက်ဆီးသွားကြောင်း ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ကိုဇီးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
မေလ ၂၄ ရက် နံနက် ၁၀ နာရီ ၃၅ မိနစ်ခန့်တွင် ငါ့သရောက်မြို့နယ်ခွဲ၊ ဖလန်ကန်ကျေးရွာအနီးသို့ စစ်ကြောင်း ၃ ကြောင်းခွဲကာ ဝင်ရောက်လာသော အင်အား ၃၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လက်ဦးမှုရယူကာ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အပြန်အလှန်ပစ်ခတ်တိုက်ပွဲမှာ ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၇ ဦး မြေပြင်တွင်တင် သေဆုံးကာ ၅၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ထိခိုက်ဒဏ်ရာရရှိသွားသော စစ်ကောင်စီတပ်သားများကို ပြည်သူ့မော်တော်ယာဉ်များအား အဓမ္မချောဆွဲကာ ညောင်ဦးဆေးရုံနှင့် ကျောက်ပန်းတောင်းဆေးရုံများသို့ ပို့ဆောင်ခဲ့ကြရသည်။
ထို့ပြင် အချို့ဒဏ်ရာရစစ်သားများကို နီးစပ်ရာကျေးရွာများအတွင်း၌ စနစ်တကျဆေးကုသမှုမရှိဘဲ ဆေးမြီးတိုများဖြင့် ဖြစ်သလို ရမ်းသန်းကုသခဲ့ကြသဖြင့် ဒဏ်ရာရရှိသူများအနက်မှ ၄ ဦး ထပ်မံသေဆုံးသွားခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်ပကဖ တာဝန်ခံ ကိုဇီးက” အင်အား ၃၀၀ လောက်ရှိတယ်။ စစ်ကြောင်း ၃ ကြောင်းခွဲပြီး လာတဲ့အချိန်မှာ ကျနော်တို့က ဖြတ်တိုက်တာ။ ကျနော်တို့က လက်ဦးမှုရယူလိုက်တဲ့အတွက် သူတို့ သွေးရူးသွေးတမ်းနဲ့ တောင်ပြေးမြောက်ပြေး ပြေးကြတာ။ အဲဒီထွက်ပြေးတဲ့သူတွေကို တချို့တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ဖမ်းဆီးမိတာတွေ၊ လက်နက်သိမ်းမိတာတွေရှိတယ်။ ထွက်ပြေးတဲ့ စခတွေက တိုက်ပွဲဖြစ်တဲ့ဘက်အခြမ်းကို ရောက်မလာဘဲနဲ့ တိုက်ပွဲမဖြစ်တဲ့ဘက်တွေကို ခွဲပြီးတော့ ထွက်ပြေးကြတာ။ အဲလိုထွက်ပြေးတာ အယောက် ၂၀ လောက်ရှိတယ်လို့ သိရတယ်။ အဲဒီထွက်ပြေးတဲ့သူတွေကို လိုက်ရှာနေလို့ စစ်ကြောင်းက ငါ့သရောက်နယ်မြေထဲကနေ မထွက်သေးဘူး”ဟု ရှင်းပြသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် မိမိတို့၏ အနီးပတ်ဝန်းကျင်တွင် မသင်္ကာဖွယ် လူစိမ်းများ၊ ထူးခြားသော လှုပ် ရှား မှုများ တွေ့ရှိပါက ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံသို့ အမြန်ဆုံး လျှို့ဝှက်သတင်းပေး အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံထားသည်။
စစ်ဆင်ရေး တိုက်ခိုက်မှုကို ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပုဂံ-ဘီလူး)၊ ညောင်ဦးခရိုင် တပ်ရင်း ၁၊ ညောင်ဦးခရိုင် တပ်ရင်း ၅၊ ညောင်ဦးခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ Popa Production and Guerrilla Force (PPGF)၊ People Democratic Army (PDA)၊ ငါ့သရောက်တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပုဂံကြီးအဖွဲ့) နှင့် ညောင်ဦးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မိုးမခ ပြောက်ကျားတပ်) တို့က မဟာမိတ်များအဖြစ် ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း အရေးနိမ့်ပြီး အထိနာသွားသော စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကူတောကျေးရွာအတွင်းသို့ ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ပြည်သူ့နေအိမ်အလုံး ၃၀၀ နီးပါး မီးလောင်ပြာကျခဲ့ရသည်။ လက်ရှိတွင် အဆိုပါ ကူတောကျေးရွာမှ ဘေးဒုက္ခကြုံတွေ့နေရသည့် မိဘပြည်သူများမှာ အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်နေသောကြောင့် ပြည်တွင်းပြည်ပရှိ ပြည်သူများအနေဖြင့် ဝိုင်းဝန်းလှူဒါန်း ကူညီပေးကြပါရန် ညောင်ဦးမြို့နယ် ပကဖက အလေးအနက် နှိုးဆော်တောင်းဆိုထားသည်။






