26 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အပေါ် ကန့်ကွက်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးထံသို့ NUG အစိုးရက သဝဏ်လွှာပေးပို့

Must read

ရန်ကုန်၊ မေ ၂၈

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ ခရီးစဉ်အပေါ် မြန်မာပြည်သူ လူထုက များစွာစိုးရိမ်ပူပန်မိပြီး ကန့်ကွက်ကြောင်း ဖော်ပြထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သဝဏ်လွှာကို နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar ထံသို့ ပေးပို့လိုက်ကြောင်း သိရသည်။

မေလ ၂၇ ရက်နေ့ ပေးလိုက်သော အဆိုပါ ကန့်ကွက်သဝဏ်လွှာတွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ် မတရားအာဏာသိမ်းခံရချိန်မှစတင်ကာ ရေရှည်ပဋိပက္ခများ၊ မတည်ငြိမ်မှုများနှင့် ကြီးမားလှသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဒုက္ခဝေဒနာများကို ခံစားနေရကြောင်း၊ ယင်းကဲ့သို့သော အခြေအနေများတွင် စစ်အုပ်စုကို နိုင်ငံရေးအရ တရားဝင်မှုပေးသည်ဟု ရှုမြင်နိုင်သည့် မည်သည့် ထိတွေ့ဆက်ဆံမှုမျိုးကိုမဆို မပြုလုပ်သင့်ကြောင်း ကန့်ကွက်ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် ပြုလုပ်သည့် မည်သည့်အတုအယောင်ရွေး ကောက် ပွဲမျိုးမဆို ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၏ တရားဝင်မှုကို ကျော်လွန်နိုင်ခြင်းမရှိကြောင်း၊ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် ပုံဖော်ပေးမည့် အဆိုပါရွေးကောက်ပွဲကို အိန္ဒိယနိုင်ငံအနေဖြင့် မထောက်ခံရန် တောင်းဆိုထားသည်။

အိန္ဒိယနိုင်ငံမှာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးတို့ကို ရေရှည်လက်ကိုင်ထားခဲ့သည့် နိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို ပုံမှန်လိုမျိုး ဖြစ်သွားစေမည့် သို့မဟုတ် တရားဝင်မှုပေးသလို ဖြစ်စေမည့် ထိတွေ့ဆက်ဆံမှုများ၏ နောက်ဆက်တွဲ သက်ရောက်မှုများကို သေချာစွာ စဉ်းစားချင့်ချိန်ပေးရန် NUG က တိုက်တွန်းထားသည်။

နိုင်ငံတော်အာဏာကို အဓမ္မလုယူ၍ ထူထောင်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီသော စံနမူနာဆိုးကို အားမပေးရန်လည်း NUG က မေတ္တာရပ်ခံထားသည်။

နှစ်နိုင်ငံအကြား ရေရှည်ချစ်ကြည်ရေးသည် ပြည်သူအချင်းချင်းကြားက နက်ရှိုင်းသည့် သံယောဇဉ်များပေါ်တွင် အခြေခံနေခြင်းဖြစ်ပြီး၊ ရေရှည်တည်တံ့သော မိတ်ဖက်ပြုမှုဆိုသည်မှာ မျှဝေခံစားတတ်သည့် ဒီမိုကရေစီတန်ဖိုးများနှင့် ပြည်သူလူထု၏ ဆန္ဒအပေါ် လေးစားမှုများဖြင့်သာ အကောင်းဆုံး တည်ဆောက်နိုင်မည်ဖြစ်ကြောင်း NUG ၏သဝဏ်လွှာတွင် အခိုင်အမာ ဖော်ပြထားသည်။

ထို့ကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် ဒီမိုကရေစီအခြေခံမူများ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် မြန်မာပြည်သူတို့၏ မျှော်မှန်းချက်များကို အလေးထားသည့် နည်းလမ်းမျိုးဖြင့်သာ ဆက်လက်ထိတွေ့ဆက်ဆံပေးရန်နှင့် ယခုကဲ့သို့ အရေးကြီးသည့် အချိန်အခါမျိုးတွင် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးခြင်းဖြင့် နောင်အနာဂတ် နှစ်နိုင်ငံအကြား ပိုမိုနက်ရှိုင်းပြီး ခိုင်မာသည့် မိတ်ဖက်ပြုမှုအတွက် အခြေခံအုတ်မြစ်ကို ခိုင်မာစေမည်ဖြစ်ကြောင်း NUG က တောင်းဆိုထားသည်။

ဓာတ်ပုံ- အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar နှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article