ရန်ကုန်၊ မေ ၂၈
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က လက္ကပြားရွာမှ ပြည်သူ ၂ ဦးကို ဖမ်းဆီးမီးရှို့ပစ်သတ်ပြီး ၄ ဦးကိုလည်း လူသားဒိုင်း အဖြစ်ဖမ်းဆီးကာ ဝါးရုံရွာရှိ နေအိမ်များကို ဝင်ရောက်မွှေနှောက် ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်အားအများအပြားဖြင့် ယင်းမာပင်မြို့နယ်၊ ကပိုင်ကျေးရွာနှင့် သီးကုန်းကျေးရွာဘက်မှ ထွက်လာပြီး လက္ကပြားကျေးရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ထိုသို့ စစ်ကြောင်းဝင်ရောက်လာစဉ် စစ်ဘေးရှောင်ရန် ပြင်ဆင်နေသည့် ပြည်သူ ၂ ဦးကိုလည်း စစ်သားများက လက္ကပြားရွာနှင့် အင်တောရွာအကြားတွင် မီးရှို့ပစ်သတ်ခဲ့ကြောင်း သိရသည်။
မေလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆင်စွယ်ကျေးရွာဘက် စစ်ကြောင်းထိုးလာပြီး ပြည်သူ ၄ ဦးကို လူသားဒိုင်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကာ ဆင်စွယ်ကျေးရွာအတွင်းကို ဝင်ရောက်သွားကြောင်း သိရှိရသည်။
“မီးရှို့ပြီးအသတ်ခံရတာက ယောက်ျားလေး ၁ ဦးပါ။ လက္ကပြားရွာနှင့် အင်တောရွာကြားက ကျွန်းတောထဲမှာ သတ်ပြီးမီးရှို့ပြီးထားခဲ့တာပါ။ ကျန် ၁ ဦးက လက္ကပြားရွာနှင့် ကြိုပင်ရွာကြားမှာ စစ်ကြောင်းနဲ့တွေ့တော့ ထွက်ပြေးတာမှာ ပစ်သတ်ခံရတာလို့သိရတယ်။ လက္ကပြားရွာသား ၂ ဦးလို့ သိရ။ စစ်ရှောင်နေတဲ့တောထဲမှာတွေ့ပြီး အသတ်ခံရတာကြားရတာပါ။ ဆင်စွယ်ရွာကိုစစ်ကြောင်းကပြန်ဝင်တာမှာ အရပ်သားပြည်သူတွေပိတ်မိပြီး အဖမ်းခံထားရတယ်လို့လဲကြားသိရတယ်။ ဖမ်းခံရတဲ့ ပြည်သူက ဘယ်နှဦးလဲ အတိအကျတော့ မသိရသေးဘူး ၄ ဦးလို့တော့ ကြားတယ်။ ဒီနေ့ မနက်အစောပိုင်း အချိန်ထိ ဆင်စွယ်ရွာကနေ စစ်ကြောင်းက ထပ်ထွက်တယ်လို့ ကြားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ယနေ့ မေလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆင်စွယ်ကျေးရွာမှ အင်အားအလုံးအရင်းဖြင့် ဝါးရုံကျေးရွာအတွင်းသို့ ထပ်မံဝင်ရောက်စီးနင်းပြီး ပြည်သူ့နေအိမ်များမှ ပစ္စည်းများကို မွှေနှောက်ခိုးယူကာ ယနေ့ မွန်းလွဲပိုင်းတွင် ဆင်စွယ်ကျေးရွာအတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီး လက်ရှိအချိန်အထိ ရွာထဲ၌ တပ်စွဲထားဆဲဖြစ်ကြောင်း သိရသည်။
“စစ်ကြောင်းက ဒီနေ့မနက် ဝါးရုံရွာကို ဝင်မွှေပြီး နေအိမ်တွေက ပစ္စည်းတွေခိုးပြီး မွန်းလွဲပိုင်းမှာ ဆင်စွယ်ရွာထဲကို ပြန်ဝင်သွားပြီ။ ဆင်စွယ်ရွာထဲကို အခုထက်ထိ ရွာကနေ မထွက်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆင်စွယ်ကျေးရွာအတွင်း၌ ဆက်လက်တပ်စွဲထားပြီး စစ်ကြောင်းက အနီးတဝိုက်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေ၍ ပြည်သူများ ဖမ်းဆီးသတ်ဖြတ်ခံရမည်ကို စိုးရိမ်ထိတ်လန့်၍ ရွာပေါင်း ၁၀ ခုထက်နည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။




