ရန်ကုန်၊ မေ ၂၉
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တော်လှန်ရေးအဖွဲ့အစည်းများအကြား ပဋိပက္ခ များနှင့် ပတ်သက်၍ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ)၊ ကလေးခရိုင်တပ်ရင်းများမှ တာဝန်ရှိသူများနှင့် ကျောင်းသားတော် လှန်ရေးတပ်တော် (SRF) တို့အကြား မြေပြင်တွင် အောင်မြင်စွာ တွေ့ဆုံညှိနှိုင်းနိုင်ခဲ့ပြီး ပူးတွဲသဘောတူညီချက်တစ်ရပ် ယနေ့ ထုတ်ပြန်သည်။
မေလ ၂၈ ရက်နေ့ ညနေ ၆ နာရီ ၂၀ မိနစ်အချိန်တွင် ပြုလုပ်ခဲ့သည့် အဆိုပါ ဆွေးနွေးပွဲသို့ SRF တပ်တော်ဘက်မှ ဥက္ကဋ္ဌ ကိုစံတင်ထွန်း အပါအဝင် ဒုတိယခေါင်းဆောင်၊ နိုင်ငံရေးဌာန တာဝန်ခံနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အချက် ၃ ချက်ကို နှစ်ဦးနှစ်ဖက် သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။
နှစ်ဦးနှစ်ဖက် သဘောတူညီချက် အဓိကအချက်များမှာ မင်းကင်းမြို့နယ်အဖွဲ့များဘက်မှ လက်ရှိဖမ်းဆီးထိန်းသိမ်းထားသည့် SRF ရဲဘော်များအနက် ပြစ်မှုကျူးလွန်ထားခြင်းမရှိသော ရဲဘော်များကို ပြန်လည်လွှတ်ပေးရန်၊ ဥပဒေဘောင်အတွင်း ဖြေရှင်းရေး: အမှုဖွင့်တိုင်ကြားခြင်း ခံထားရသည့် SRF ရဲဘော်များ၏ ကိစ္စရပ်များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဥပဒေဘောင်အတွင်းမှသာ အဆင့်ဆင့် ဖြေရှင်းသွားရန်၊
ပြစ်မှုကျူးလွန်ထားခြင်းမရှိသည့် SRF ရဲဘော်များအနေဖြင့် NUG အစိုးရ၏ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်း (COC) အောက်တွင် ဝင်ရောက်ကာ တော်လှန်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်သွားရန် သဘောတူညီလိုက်ကြောင်း သိရှိရသည်။
လက်ရှိဖြစ်ပွားခဲ့သည့် ပဋိပက္ခသည် SRF တပ်တော်အား တမင်ဖြိုခွင်းခြင်းမျိုးမဟုတ်ဘဲ မြေပြင်ပြည်သူများ၏ အမှုဖွင့်တိုင်ကြားချက်များအရ ကျူးလွန်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ရှင်းလင်းထားသည်။
ထို့ပြင် တော်လှန်ရေးအဖွဲ့အစည်းနှစ်ခုအကြား ပြဿနာများ ပိုမိုကြီးထွားလာစေရန် ရည်ရွယ်ချက်ဖြင့် လူမှုကွန် ရက်စာမျက်နှာများပေါ်တွင် သွေးခွဲလှုံ့ဆော် ရေးသားနေကြသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏ ထုတ်ပြန်ချက်များသည် မိမိတို့အဖွဲ့အစည်းနှစ်ခုစလုံး၏ သဘောထားအာဘော် လုံးဝမဟုတ်ဘဲ ၎င်းတို့၏ ကိုယ်ပိုင်ထင်မြင်ယူဆချက်များသာဖြစ်ကြောင်း ရှင်းလင်းပြောဆိုထားသည်။
နှစ်ဖက်တော်လှန်ရေးအဖွဲ့အစည်းများက တော်လှန်ရေးတစ်ရပ်လုံး၏ ညီညွတ် ရေးကို ရှေးရှုသောအားဖြင့် ညီညွတ် ရေးပြိုကွဲစေမည့် လှုံ့ဆော်ရေးသားမှုများကို ဆက်လက်ပြုလုပ်ခြင်းမရှိကြရန် အလေးအနက် မေတ္တာရပ်ခံထားသည်။
အဆုံးသတ်အနေဖြင့် မင်းကင်းမြို့နယ် ပအဖ၊ ပကဖ အဖွဲ့များနှင့် SRF တပ်တော်တို့သည် အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) အား နိုင်ငံတော်အစိုးရအဖြစ် တရားဝင်အသိအမှတ်ပြု လက်ခံထားပြီးဖြစ်ကာ မင်းကင်းမြို့နယ်အတွင်းရှိ တော်လှန်ရေးလုပ်ငန်းစဉ်များတွင် ဆက်လက်၍ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်ချက်တွင် ကတိကဝတ်ပြုထားသည်






