ရန်ကုန်၊ မေ ၂၉
မြန်မာနိုင်ငံဘက်မှ တိုက်ပွဲများကြောင့် ပိတ်ထားခဲ့ရသည့် အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို ၁၀ လအကြာ ယမန်နေ့မေ ၂၈ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်လိုက်သော်လည်း ထိုင်းသွင်းကုန်များ သွင်းမရသေးကြောင်း မြ၀တီမြို့ အခြေစိုက် နယ်စပ်ကုန်သည်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ၁၀ လကျော်ကြာ ပိတ်ထားခဲ့ရသည့် မဲဆောက်-မြဝတီ နယ်စပ်ရှိ အမှတ် (၂) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားနှင့် အမြဲတမ်းနယ်စပ်ဂိတ်ကို မေ ၂၈ ရက် တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။
အဆိုပါ ကုန်သွယ်ရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်လိုက်သော်လည်း ထိုင်းနိုင်ငံဘက်မှ သွင်းကုန်များ မြန်မာနိုင်ငံအတွင်းသို့ ပုံမှန်အတိုင်း ပြည့်ပြည့်စုံစုံ ဝင်ရောက်နိုင်ရန်အတွက် အခက်အခဲအချို့နှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။
“ဒီဘက်က မူဝါဒက မြန်မာဘက်က ပို့ကုန်တွေကိုပဲ ထိုင်းဘက်ကို အဓိက တင်ပို့ဖို့ပဲ ဦးစားပေးတယ်။ သွင်းကုန်တွေ သွင်းဖို့ကျတော့ လိုင်စင် ချမပေးဘူး၊ အဖမ်းအဆီးတွေ မလျှော့ပေးသေးဘူး။ သွင်းကုန်လိုင်စင်ကလည်း နေပြည်တော်မှာ တက်လျှောက်ရမယ်ဆိုတော့ အတော်ကို ခက်ခက်ခဲခဲပဲ” ဟု မြ၀တီမြို့အခြေစိုက် နယ်စပ်ကုန်သည်ကြီးတစ်ဦးက ရှင်းပြသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့အနီး တိုက်ပွဲများကြောင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို အကြီးအကျယ် ထိခိုက်စေခဲ့သည့် အဆိုပါ နယ်စပ်ဂိတ်ကို မြန်မာအာဏာပိုင်များဘက်က ၂၀၂၅ ခုနှစ် အလယ်ပိုင်းကတည်းက ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့ မွန်းတည့်ချိန် နှစ်ဖက်လုံခြုံရေးနှင့် ကုန်သွယ်ရေး တာဝန်ရှိသူများ မြဝတီဘက်ခြုံ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ထိုင်းကုန်တင်ကားတစ်စီး မြဝတီဘက်သို့ ပထမဆုံး ဖြတ်သန်းခွင့်ပြုကာ စမ်းသပ်မောင်းနှင်မှု (Trial Run) ပြုလုပ်ခဲ့ကြသည်။
ထိုင်းအာဏာပိုင်များဘက်က ကုန်စည်စီးဆင်းမှု လုပ်ငန်းစဉ်အားလုံးအတွက် အပြည့်အဝ အဆင်သင့်ဖြစ်နေသော်လည်း မြန်မာနိုင်ငံဘက်ခြမ်းတွင် လျှပ်စစ်မီး မမှန်မကန်ဖြစ်နေခြင်းက သွင်းကုန်ထုတ် ကုန်လုပ်ငန်းများအတွက် အဓိက အဟန့်အတား ဖြစ်နေသည် ဟု ထိုင်းသတင်းများက ဆိုသည်။
လက်ရှိတွင် မြန်မာဘက်ခြမ်းတွင် ကုန်သွယ်ရေးအတွက် စနစ်များ အပြည့်အဝ မလည်ပတ်နိုင်ဘဲ ဖြစ်နေကြောင်း၊ အထူးသဖြင့် ထိုင်းနိုင်ငံဘက်က မြဝတီနယ်စပ်သို့ လျှပ်စစ်မီးပေးဝေမှုကို ဖြတ်တောက်ထားခြင်းကြောင့် မြန်မာဘက်ရှိ နယ်စပ်စစ်ဆေးရေးဂိတ်သည် စနစ်များလည်ပတ်ရန် မီးအားမလုံလောက်မှု ဖြစ်နေကြောင်း သိရှိရသည်။
လတ်တလောတွင် မြဝတီအမှတ် ၂ ဂိတ်သည် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ် တစ်ခုတည်းဖြင့်သာ ရုန်းကန်လည်ပတ်နေရကြောင်း၊ ထို့ကြောင့် မြန်မာအာဏာပိုင်များက နယ်စပ်ဂိတ်ရှိ ကွန်ပျူတာနှင့် အကောက်ခွန်စနစ်များ အပြည့်အဝ ပြန်လည်အလုပ်လုပ်နိုင်ရန်အတွက် ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီး ပြန်လည်သွယ်တန်း ပေးဝေဖို့ ကနဦး တောင်းဆိုထားကြောင်း သိရှိရသည်။
ယခုတစ်ကြိမ် ပြန်လည်ဖွင့်လှစ်မှုသည် နှစ်ဖက်ဂိတ်များ၏ စနစ်များကို စမ်းသပ်ရန်နှင့် ရေရှည်ပိတ်ထားရမှုကြောင့် ဖြစ်ပေါ်ခဲ့သည့် နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်များကို ရှာဖွေပြင်ဆင်ရန်အတွက်သာ ဖြစ်သည်။
မြန်မာဘက်အခြမ်းမှ လျှပ်စစ်မီးပြဿနာအပါအဝင် နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များကို နှစ်ဖက်ညှိနှိုင်းဖြေရှင်းပြီးမှသာ လာမည့် တစ်လအတွင်း လုပ်ငန်းစဉ်အားလုံး အပြည့်အဝ ပြန်လည်လည်ပတ်နိုင်မည်ဖြစ်ပြီး တာ့ခ် ခရိုင်၏ နယ်စပ်ကုန်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးစီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာလိမ့်မည်ဖြစ်ကြောင်း သိရသည်။




