ရန်ကုန်၊ မေ ၂၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အခြေစိုက် သင်္ဂဟလူမှုကူညီရေး အသင်းမှ စောင့် ရှောက်ထားသည့် စကားမပြောနိုင်သူ (ရွှေအ) အပါအဝင် အမျိုးသား ၃ ဦးကို စစ်အုပ်စုက ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ယနေ့မေလ ၂၉ ရက် နံနက်ပိုင်းက ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ ဆေးရုံကုန်းနှင့် ကပ်လျက်ရှိ သင်္ဂဟလူမှုကူညီရေးအသင်း၏ အောင်စီဂျင် စက်ရုံဝန်းအတွင်း နေထိုင်သူ မသန်စွမ်း အသက် ၃၀ ကျော်အရွယ် ရွှေအ နှင့် ကရင်အ မျိုးသား ၂ ဦးတို့ကို စစ်သားများက ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
“လုံးခင်းတိုက်နယ် ဆေးရုံကုန်းနေရာ အနီးမှာ ရွှေအ ရယ်၊ ကရင်လူမျိုးနှစ်ဦးရယ်ကို စကမ က ပစ်သတ်ထားတာပါ။ ရွှေအ ဆိုတာ အောက်ပိုင်းမှာ မိဘဆွေမျိုးအားလုံး စကမ အကြမ်းဖက်က မီးရှို့သတ်ဖြတ်တာကို မြင်ရပြီးနောက် စကားမပြောတော့တဲ့အတွက် လက်ရှိ လုံးခင်း သင်္ဂဟလူ မှုရေးအသင်းက စောင့်ရှောက်ထားတဲ့ အသက် ၃၀ ကျော်ရွှေအလို့သိရပါတယ်။ ရွှေအ နဲ့ ကရင်အမျိုးသားနှစ်ဦးဟာ စကမ တပ်စွဲထားတဲ့ လုံးခင်းဆေးရုံကုန်းနဲ့ကပ်လျက် သင်္ဂဟလူမှုရေး အသင်း O2 စက်ရုံဝင်းထဲ နေကြတာ” ဟု ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြော ကြားသည်။
လက်ရှိတွင် စစ်အုပ်စုက လုံးခင်းကျေးရွာအတွင်း၌ တပ်အချိန်အပြောင်းလုပ်ကာ လက်အောက်ခံ ဝါရာဇွပ် ပြည်သူ့စစ်တပ်ဖွဲ့ကို လုပ်ပိုင်ခွင့်များပေးထားပြီး လုံးခင်း၊ မှော်စီစာ၊ လယ်ပြင်နှင့် ငြိမ်းချမ်း သာယာကျေးရွာတို့တွင် နေ့စဉ်နှင့်အမျှ အနိုင်ကျင့် ဗိုလ်ကျမှု၊ ဓါးပြတိုက်ခံရမှု၊ လူသတ်မှုများ နေ့စဉ် နှင့် အမျှ ကျူးလွန်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ပြည်သူအချို့ကိုလည်း အနိုင်ကျင့်နှိပ်စက်မခံရလိုပါက K-Pay ဖြင့် ငွေလွှဲပေးရမည်ဟု ခြိမ်း ခြောက်ငွေတောင်းခံမှုများလည်းဖြစ်ပေါ်နေပြီး အနီးအနားနေပြည်သူအချို့မှာ ဆက်ကြေးပေးနေရကြောင်း၊ စစ်တပ်နှင့်ပျူစောထီးများ၏ ဓားပြတိုက်မှုများလည်းဖြစ်ပွားနေကြောင်း သိရှိရသည်။
ယမန်နေ့ မေလ ၂၈ ရက် နံနက် ၃ နာရီခန့်ကလည်း ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ ရပ်ကွက် ၃ အတွင်းရှိ ဦးဂျိုးဇက် (ဝက်ခုံပိုင်ရှင်) ဓားပြတိုက်ခံရပြီး ငွေကျပ် သိန်း ၁၂၀ ပါသွားကြောင်း ဖားကန့်သတင်းရင်း မြစ်က ဆက် လက်ပြောဆိုသည်။
“အကြမ်းဖက် အနိုင်ကျင့်ခံကြရတဲ့ ပြည်သူအများစုက စကမ စိုးမိုးထားတဲ့ နေရာ အနီးက ဖြစ်နေ တော့ ကြောက်လို့ မပြောရဲကြတဲ့ အမှုတွေ မနည်းရှိနေပြီး၊ ရပ်ကွက်ကတော့ ဘယ်သူဘယ်နေ့က ခံလိုက်ရ တယ်ဆိုတာကိုတော့ သိကြတယ်။ စကစအဖွဲ့တွေက စုဆောင်းရေးဆွဲနေတာရှိတယ်။ မင်း ဇေသန့်ရဲ့ ဝါရာဇွပ်ပြည်သူ့စစ်နဲ့ SNA တို့ စိုးမိုးထားရာနေရာတွေမှာ နေ့ခင်းကြောင်တောင် ပေါ်တင် ဓါးပြတိုက်တာလည်း ရှိသလို ညဘက် ခိုးကြောင်ခိုးဝှက် ဓါးပြတိုက်တာလည်း ရှိနေပါတယ်။” ဟု ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အလားတူ မေလ ၂၆ ရက် နံ နက်ပိုင်းကလည်း လုံးခင်းကျေးရွာ၊ ရွှေမော် တည်းခိုခန်းရှေ့တွင် Crown ကားစီးလာသည့် ဇနီးမောင် နှံ နှစ်ဦးကို ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ကားပေါ်တက်လိုက်ပြီး ဆေးရုံကုန်းဘက် မောင်းခိုင်းကာ ကားသိမ်းဆည်းရန် လုပ်ဆောင်ခဲ့ကြောင်း၊ သို့သော်လည်း လက်အုပ်ချီတောင်းပန်မှု ကြောင့် ပါလာ သည့်ငွေကျပ် ၁၀ သိန်းနှင့် ဖုန်းများကို သိမ်းဆည်းကာ ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။
ထို့ပြင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာ စာသင်ကျောင်းအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် မြို့ခံလူငယ်လုပ်ငန်းရှင်တစ်ဦးမှာ စစ်ကောင်စီတပ်၏ ဝိုင်းဝန်းပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ကြောင်း မွန်ပြည်နယ်သတင်းများကို အဓိက ဖော်ပြနေသည့် သံလွင်တိုင်းမ်သတင်းဌာနက ယနေ့ သတင်းဖော်ပြသည်။
မေလ ၂၇ ရက်နေ့ ညပိုင်း ဘီးလင်းမြို့ရှိ “ထွန်းထွန်း” ကားပစ္စည်းရောင်းဝယ်ရေးဆိုင်မှ လူငယ်လုပ်ငန်းရှင် ကိုထွန်းထွန်းက သထုံမြို့မှ ဘီးလင်းမြို့သို့ ကားဖြင့်တစ်ဦးတည်း ပြန်လာစဉ် စစ်တပ်၏ မစောတံတားစစ်ဆေးရေးဂိတ်ကို ဖြတ်သန်းခဲ့ပြီးနောက် စစ်တပ်၏ ၀ိုင်းဝန်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။




