27 C
Yangon

ကနီတွင် စစ်တပ်က ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် နေ့စဉ် တိုက်ခိုက်နေ၍ ပြည်သူ ၃ သောင်းကျော် နေရပ်မပြန်နိုင်သေး၊ မြင်းမူတွင်လည်း စစ်တပ်ပစ်ခတ်သော ကျည်ထိမှန်၍ ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရ

Must read

ရန်ကုန်၊ မေ ၃၀

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ၁ လကျော်ကြာ စစ်ကြောင်းထိုးနေပြီး ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် နေ့စဉ် တိုက်ခိုက်နေခြင်းကြောင့် စစ်ဘေးရှောင် ပြည်သူ ၃ သောင်းကျော် စားနိပ်ရိက္ခာများ လိုအပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလကုန်ပိုင်းမှ စတင်၍ ကနီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ၃၂ ရက်ကြာ စစ်ကြောင်းထိုးနေပြီး လက်ရှိချိန်ထိ ရေလယ်ကျွန်းပျူစောထီးစခန်း၊ ချောင်းမရွာနှင့် ချောင်းမ-ကနီ လမ်းပိုင်းတွင် ဆက်လက် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ၎င်းတို့ ယာယီတပ်စွဲထားသော နေရာများမှ နေ၍ ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့် နေ့စဉ် တိုက်ခိုက်မှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ကျေးရွာများကို ဆက်တိုက် တိုက်ခိုက်နေခြင်းကြောင့် ရွာပေါင်း ၃၀ ကျော်မှ ပြည်သူ ၃ သောင်းကျော်သည် ၁ လကျော်ကြာ စစ်ဘေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများလည်း အရေးပေါ်လိုအပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်လာစဉ်ကလည်း ပြည်သူပိုင် ဆန်၊ ဆီ စားသောက်ကုန်ပစ္စည်းများ ၊ မျိုးစေ့ မျိုးဆန်များအပြင် လူသုံးကုန် ပစ္စည်းများပါ မကျန် စိတ်ကြိုက် ခိုးယူသွားပြီး ၎င်းတို့ ယူဆောင်လိုခြင်းမရှိသော ပစ္စည်းများကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“စစ်ခွေးစစ်ကြောင်းက အခုထိရှိသေးတော့ ပြည်သူတွေ ရွာထဲပြန်ဝင်လို့ ဘယ်လိုမှ မရဘူး။ နောက်ပြီး စစ်ခွေးတွေက စားသောက်ကုန် ပစ္စည်းကော၊ လူသုံးကုန် ပစ္စည်းတွေကော မျိုးစေ့တွေပါ မကျန် အကုန်လုံးကို ခိုးသွားတာ ပြည်သူတွေက ရွာထဲကို ပြန်နိုင်တယ်ဆိုရင်တောင် စားနပ်ရိက္ခာတွေ မရှိတော့လို့ အရေးပေါ် ရိက္ခာလိုအပ်နေပါတယ်။ အခုကလှူဒါန်းတာတွေရှိတယ်ဆိုပေမယ့်လည်း မလောက်တဲ့ အခြေအနေပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိအချိန်ထိ ကနီမြို့နယ် အတွင်းကိုလည်း အကြမ်းဖက် စစ်တပ်က ဖုန်းလိုင်းများ ဖြတ်တောက်ထားဆဲဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကကျေးရွာများကို စစ်ကြောင်းထိုးစဉ် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦး သေဆုံးကာ ပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်တပ်က ပြည်သူ ၁ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကာ နေအိမ် ၂၀ ခန့်နှင့် စစ်ရှောင်တဲ ၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ကျော့မင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း T. G. R. သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၉ ရက်နေ့ ည ၉ နာရီ ၂၇ မိနစ်ခန့်တွင် မြင်းမူမြို့နယ် မြောင်လမ်းခွဲရှိ စစ်တပ်ဂိတ်မှ စစ်သားများက ကျော့မင်းကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာနေပြည်သူ အသက် ၅၀ နှစ်အရွယ် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိသည်။

“လောလောဆယ် လူနာအရင် ကယ်ထုတ်ပြီးပြေးနေရပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာပါ။ လက်နက်ကြီး ၅ လုံးလောက်ရှိပြီ လက်နက်ကြီးတွေက ရွာထဲကြတော့ အတင်းထွက်ပြေးရတာပါ။ နေအိမ် ပျက်စီးမှုကတော့ ရှိတော့ ရှိတယ်။ အတိအကျ မသိရသေးဘူး။ ရွာထဲဝင်ပြီ အိမ်ဘယ်နှစ်လုံး ပျက်စီးလဲလို့ဝင်ကြည့်တာ လက်နက်ကြီးနဲ့ ပစ်လို့ ပြန်ထွက်ပြေးလာရတယ်”ဟု T. G. R. သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ မေလ ၂၆ ရက်နေ့ကလည်း အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တက်လာသော Gyrocopter ၂ စီးက မြင်းမူမြို့နယ်၊ ပဒတ္တိုင်းကျေးရွာနှင့် ငါးကင်းကျေးရွာတို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ် စစ်ကြောင်း ဝင်ရောက်လာ၍ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article