ရန်ကုန်၊ မေ ၃၀
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ၍ ပြည်သူ ၅ သောင်းကျော် ထွက်ပြေးတိမ်းရှောင်ရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် အကူအညီ လိုအပ်နေကြောင်း စစ်ဘေးရှောင် ပြည်သူအရေး ကူညီပေးနေသော ဇင်းချောင်းလူငယ်ပရဟိတအသင်းမှ ဥက္ကဋ္ဌ ကိုနိုင်လင်းထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
မေလ အစောပိုင်းမှ စတင်ကာ ကျောက်ဖြူမြို့နယ် ဓညဝတီရေတပ်ဌာနချုပ်၏ ရေတပ်ဌာနခွဲတစ်ခုဖြစ်သော တောင်မော်ဦးရေတပ်စခန်းအနီးရှိ အဝတောင်ဘက်နှင့် စနဲမြို့အနီးတစ်ဝိုက်တွင် အာရက္ခတပ်တော် (AA) နှင့် အကြမ်းဖက် စစ်တပ်တို့ အကြား တိုက်ပွဲများ လက်ရှိချိန်ထိ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။
ထို ထိတွေ့ တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်က ဒရုန်းများ၊ စစ်သင်္ဘောများ၊ လေကြောင်းပစ်ကူများ အသုံးပြုကာ ပြည်သူများ နေထိုင်သည့် စနဲမြို့ပေါ် ရပ်ကွက်များနှင့် အနီးနားကျေးရွာများကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကြောင့် အရပ်သားပြည်သူတချို့ သေဆုံးခဲ့ပြီး နေအိမ်အများအပြားလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ ခန့်မှ စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း ၅ သောင်းကျော် အထိ ရှိလာပြီး တိုက်ပွဲများကြောင့် နေရပ်ပြန်နိုင်ခြင်းမရှိဘဲ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် အကူအညီ လိုအပ်နေကြောင်း သိရသည်။
“အခုတလော လေကြောင်း၊ လက်နက်ကြီးနဲ့ စစ်အုပ်စုဘက်က တောက်လျှောက်ပစ်နေပါတယ်။ ကျောက်ဖြူမြို့နယ်ထဲ တိုက်ပွဲတွေကြောင့် တိမ်းရှောင်နေတာ ပြည်သူ ၈,၀၀၀ ဝန်းကျင်လောက်ရှိပါပြီ။ အရင်အဟောင်းနဲ့ ထပ်တိုးပေါင်းလိုက်ရင် ပြည်သူ ၅ သောင်းဝန်းကျင်လောက်ရှိပါပြီ။ စနဲအနီးတစ်ဝိုက်က ရွာပေါင်း ၂၀ နီးပါးလောက်ရှိပါပြီ။ ကျန်မြို့နယ်တွေမပါပါဘူး၊ ကျောက်ဖြူနဲ့ စနဲ နှစ်ခုထဲ ပေါင်းတာပါ” ဟု စစ်ဘေးရှောင်ပြည်သူအရေး ကူညီပေးနေသော ဇင်းချောင်းလူငယ်ပရဟိတအသင်းမှ ဥက္ကဋ္ဌ ကိုနိုင်လင်းထွန်းက ပြောဆိုသည်။
စစ်ရှောင်ပြည်သူများထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများပါဝင်နေ၍ အခက်အခဲများစွာနှင့် ကြုံတွေ့နေရပြီး စစ်ဘေးရှောင်အရေးကူညီနေသော ပရဟိတအဖွဲ့များ အနေဖြင့်လည်း မြေပြင်စစ်ရေးအခြေအနေနှင့် လုံခြုံရေးအရ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် စိန်ခေါ်မှုများစွာ ရှိနေကြောင်း သိရသည်။
“စစ်ရှောင်ပြည်သူတွေကတော့ အခက်အခဲတွေက အကုန်လုံးလိုဖြစ်နေပါတယ်။ ကျနော်တို့ကလည်း ဒီဘက်ခြမ်းမှာ မြေပြင်လုံခြုံမှုအရ အလုပ်လုပ်ရတဲ့အပိုင်းမှာလည်း တော်တော်အခက်အခဲဖြစ်ပါတယ်။ အမိုးအကာကတော့ HDCO နဲ့ ပူးပေါင်းပြီးတော့ အဆင်ပြေအောင် ဖြေရှင်းထားပါတယ်။ လိုအပ်ချက်တွေကတော့ စားနပ်ရိက္ခာပိုင်းနဲ့ ဆေးဝါးပိုင်း၊ တခြား အမျိုးသမီးအသုံးအဆောင်တွေတော့ လိုအပ်နေပါတယ်” ဟု ဇင်းချောင်းလူငယ်ပရဟိတအသင်း ဥက္ကဋ္ဌ ကိုနိုင်လင်းထွန်းက ဆက်လက်ရှင်းပြသည်။
လက်ရှိအချိန် ကျောက်ဖြူမြို့နယ်နှင့် စနဲမြို့အနီးတစ်ဝိုက်ကို အကြမ်းဖက် စစ်တပ်က အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထားကာ လေကြောင်းနှင့် လက်နက်ကြီးများ အသုံးပြု၍ ဗုံးကျဲပစ်ခတ်မှုများ နေ့စဉ်ပြုလုပ်နေ၍ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ရှောင်ပြည်သူများသည် လူသားချင်းစာနာမှုဆိုင်ရာ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမျိုးသမီးအသုံးဆောင်များ စသည့် အကူအညီများ ပိုမိုလိုအပ်လျက်ရှိကြောင်း သိရသည်။






