27 C
Yangon

ပြည်တွင်းနိုင်ငံရေးနှင့် လက်နက်ကိုင်တော်လှန်ရေးစုကြီးတစ်ခုလုံးကို ဦးဆောင်မည့် အားကောင်းသည့် ဖက်ဒရယ်ဒီမိုကရေစီ ဦးဆောင်ကောင်စီ-SCEF ဖြစ်လာရန် ထပ်မံ တိုးချဲ့ဖွဲ့စည်းမည်ဟု NUG သမ္မတက ကြေညာ

Must read

ရန်ကုန်၊ ဇွန် ၁

မြန်မာနိုင်ငံတွင် မကြာသေးမီက ဖွဲ့စည်းလိုက်သော ဖက်ဒရယ်ဒီမိုကရေစီဦးဆောင်ကောင်စီ (SCEF) က ပြည် တွင်းနိုင်ငံရေးနှင့် လက်နက်ကိုင်တော်လှန်ရေးစုကြီးတစ်ခုလုံးကို ဦးဆောင်ပုံဖော်ကြရန်နှင့် ပိုမိုအားကောင်းသည့် “ဦးဆောင်ကောင်စီ” ဖြစ်လာစေရန် ထပ်မံတိုးချဲ့သွားမည်ဖြစ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက တရားဝင်ကြေညာလိုက်သည်။

ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် ဒုတိယအကြိမ် အစည်းအဝေး၌ မိန့်ခွန်းပြောကြားစဉ် ၎င်းက ယခုကဲ့သို့ ထည့်သွင်းကြေညာခဲ့ခြင်း ဖြစ်သည်။

ဖက်ဒရယ်ဒီမိုကရေစီဦးဆောင်ကောင်စီ (SCEF) ဖွဲ့စည်းမှုနှင့် ပတ်သက်၍ ယာယီသမ္မတ ဒူဝါလရှီးလက “သိပ်မကြာခင်က၊ ကျွန်တော်တို့အနေနဲ့ SCEF လို့ ခေါ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီဦးဆောင်ကောင်စီကို စုပေါင်းဖွဲ့စည်းလိုက်တာ ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ SCEF ရဲ့ အခန်းကဏ္ဍကို ကျယ် ကျယ်ပြန့်ပြန့်၊ လေးလေးနက်နက် နားလည်သဘောပေါက်ဖို့ လိုတယ်လို့ ယူဆပါတယ်။ အထူးသဖြင့် တော်လှန်ရေး မဟာမိတ်အင်အားစုတွေကို ဦးဆောင်မှုထီးရိပ်တစ်ခုတည်းအောက်မှာ ဝိုင်းဝန်းပုံဖော်ကြဖို့ ရည်ရွယ်ပါတယ်။ ပြည်တွင်းနိုင်ငံရေးနဲ့ လက် နက်ကိုင်တော်လှန်ရေးစုကြီးတစ်ခုလုံးကို၊ တာဝန်ယူမှု / တာဝန်ခံမှုရှိရှိနဲ့ ဦးဆောင်ပုံဖော်ကြဖို့ ဖြစ်ပါတယ်”ဟု ပြောဆိုသည်။

ထို့ကြောင့် စစ်အာဏာရှင် တော်လှန်ရေးကြီးတစ်ခုလုံး ပြီးမြောက်အောင်မြင်အောင် ဝိုင်းဝန်းပံ့ပိုးပေးရန်နှင့် နိုင်ငံတကာတွင်လည်း SCEF ၏ ဦးဆောင်မှုကို တိုးတက်စေရန် ဝိုင်းဝန်းကူညီပေးစေလိုကြောင်း ၎င်းက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကို တိုက်တွန်းသည်။

“အခုဆိုရင် SCEF မှာ မပါဝင်နိုင်သေးတဲ့ တိုင်းရင်းသား အဖွဲ့အစည်းကြီးတွေ အပါအဝင်၊ နိုင်ငံရေးပါတီတွေလည်း ရှိနေသေးတယ်လို့ ပြောချင်ပါတယ်။ အဲဒီအတွက် ပိုမိုစုဖွဲ့မှု အားကောင်းတဲ့ “ဦးဆောင်ကောင်စီ” တစ်ခုဖြစ်အောင် ထပ်မံ တိုးချဲ့ဖို့ ဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့အားလုံးမှာ ညီညွတ်မှုနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းက အရေးကြီး ပါတယ်။ ညီညွတ်မှု မရှိရင်၊ ကျွန်တော်တို့မှာ ကြံ့ကြံ့ခံနိုင်စွမ်း နိမ့်ပါးလာမယ်ဆိုတာ သတိချပ်ဖို့ ဖြစ်ပါတယ်။ ကြံ့ကြံ့ခံနိုင်စွမ်း ဘယ်လောက်ပဲ ရှိသည်ဖြစ်စေ၊ ညီညွတ်မှု မရှိရင် ကျွန်တော်တို့ဟာ ပြိုလဲဖို့ လွယ်ကူနိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အင်မတန် အကဲဆတ်ပြီး၊ အချိုးအကွေ့မြန်ဆန်တဲ့ ဒီလို အချိန်မျိုးမှာ၊ မိမိတို့ရဲ့ နိုင်ငံရေးအသိ ၊သတိကို၊ မြဲမြဲမြံမြံဆုပ်ကိုင်ပြီး၊ ပူးပေါင်းဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတ ဒူဝါလရှီးလက သတိပေးသည်။

လက်ရှိအချိန်သည် နွေဦးတော်လှန်ရေး ၅ နှစ်ကျော်ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်သော်လည်း ပြည်သူက အပ်နှင်းထားသည့် လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်နေရဆဲဖြစ်သလို ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်ရေး လုပ်ငန်းစဉ်ကြီးကိုလည်း တစ်ဆင့်ချင်းစီ အုတ်မြစ်ချနေကြရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

NUG အစိုးရအနေဖြင့် တော်လှန်ရေးအင်အားစုများကို ပန်းတိုင်တစ်ခု၊ ရည်ရွယ်ချက်တစ်ခု၊ မဟာ ဗျူဟာတစ်ခု၊ မူတစ်ခုတည်းအောက်တွင် စုစည်းချိတ်ဆက်နေပြီး စစ်ရေးရည်မှန်းချက်များ အကောင် အထည်ဖော်နိုင်ရန် အမိန့်ပေးကွပ်ကဲမှုတစ်ခုတည်းအောက်၌ စစ်ဒေသလိုက် ဦးစီးကွပ်ကဲနိုင်ရန် ကြိုးစားနေကြောင်း ထည့်သွင်းပြောကြားသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်တိုင်း နောက်ဆက်တွဲဆိုးကျိုးများကို နှစ်ပေါင်းများစွာ ခံစားခဲ့ရပြီး ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့်လည်း တိုင်းပြည်မှာ ကမ္ဘာ့အလယ်တွင် မျက်နှာမဖော်ဝံ့အောင် ဖြစ်ခဲ့ရကြောင်း၊ ထို့ကြောင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပပျောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးဟူသည့် ပြည်သူ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရန် စုစည်းညီညွတ်မှုကို ပြသကြရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယာယီသမ္မတ ဒူဝါလရှီးလက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ကြီးများအနေဖြင့် တော် လှန်ရေးကိုယ်ခံအားနှင့် နိုင်ငံရေးသက်လုံကို မြှင့်တင်ထားကြရန်၊ စစ်မှန်သော ပြည်သူ့ကိုယ်စားပြုမှုကို ခံယူရင်း ပြည်သူက အပ် နှင်းထားသည့် တာဝန်များကို ကျေကျေပွန်ပွန် ဆက်လက်ထမ်းရွက်ကြရန် တိုက်တွန်းပြောဆိုသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article