ရန်ကုန်၊ ဇွန် ၅
ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် “PDFမကြောက်လို့ အုပ်ချုပ်ရေးမှူး တက်လုပ်တာ” ဟု ပြည်သူများရှေ့၌ အမြဲပြောလေ့ရှိသော လင်းလဲရွာ အုပ်ချုပ်ရေး မှူးခင်ဝင်း (ခ) ရှမ်းကြီးကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း (၁) စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၃ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် သဲကုန်းမြို့နယ်၊ လင်းလဲရွာ အုပ်ချုပ်ရေး မှူးခင်ဝင်း (ခ) ရှမ်းကြီးသည် ၎င်းနေအိမ်တွင်ရှိနေစဉ် ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင် တပ်ရင်း (၁) တပ်ခွဲ (၄) နှင့် ပြည်ခရိုင်တပ်ရင်း (၂) တပ်ခွဲ (၄) မှ ရဲဘော်များက ဝင်ရောက် တိုက်ခိုက်စဉ် ဦးခေါင်းကို ကျည်ထိမှန်ပြီး နေရာတင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော အုပ်ချုပ်ရေးမှူးခင်ဝင်း (ခ) ရှမ်းကြီးသည် “PDF မကြောက်လို့ အုပ်ချုပ်ရေးမှူး တက်လုပ်တာ” ဟု ပြည်သူများရှေ့တွင် အမြဲပြောဆိုလေ့ရှိပြီး ကျေးရွာအုပ်စုအတွင်းတွင်လည်း စစ်မှုထမ်းကြေးအဖြစ် တအိမ်ထောင်လျှင် ငွေကျပ် ၁ သိန်းမှ ၅ သောင်း အထိ လစဉ်ကောက်ခံ၍ အကြမ်းဖက် စစ်တပ်ကို ထောက်ပံပေးခြင်း၊ ပုတီးကုန်းရဲစခန်းမှ နယ်ထိန်းဖြင့် ပူးပေါင်းပြီး အရက်ဆိုင်များနှင့် လောင်ကစားဒိုင်များအား လိုင်းကြေးအဖြစ် ကောက်ခံပေးခြင်း၊ စစ်တပ်နှင့်ပေါင်းပြီး ကျေးရွာအုပ်စုအတွင်းရှိပြည်သူများကို ဆဲဆိုကာ မိုက်ရိုင်း ဆိုးသွမ်းနေသူဖြစ်ကြောင်း ရဲဘော် Shadow က ရှင်းပြသည်။
“အဲ့ကောင်က PDF ကို စိန်ခေါ်တာ တစ်ခုတည်းမဟုတ်ဘူး။ စစ်မှုထမ်းကြေးဆိုပြီး လစဉ်ကောက်တယ်။ လူငယ်တွေကို ပေါ်တာဆွဲဖို့ စစ်တပ်ကို သတင်းပေးတယ်။ အရက်ဆိုင်၊ လောင်ကစားဒိုင်းတွေဆီကလည်း ပိုက်ဆံအမြဲကောက်ပြီး စစ်ခွေးတွေကို ထောက်ပံ့နေတဲ့ကောင် ရွာထဲမှာလည်း မူးရူးဆဲဆိုပြီး ပြည်သူတွေကို သူစိတ်မထင်ရင်မထင်သလို ရိုက်နှက်တာတွေလည်း လုပ်တယ်။ အဲတာတွေကြောင့် တိုက်ခိုက်ခဲ့တာဖြစ်တယ်” ဟု ပြည်ခရိုင်တပ်ရင်း (၁) စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ဆက်လက်ပြောဆိုသည်။
ထိုတိုက်ခိုက်မှု အတွင်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး အုပ်ချုပ်ရေးမှူး ခင်ဝင်း (ခ) ရှမ်းကြီးထံမှ အကြမ်းဖက် စစ်တပ်နှင့်ဆက်သွယ် ထားသော ဖုန်း ၂ လုံးကိုလည်းသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။





