ရန်ကုန်၊ ဇွန် ၅
ထိုင်းနိုင်ငံ၊ ဆူရတ်ထာနီခရိုင်တွင် မြန်မာအမျိုးသမီး ၁ ဦးကို အဓမ္မပြုကျင့်ရန် လိမ်လည်ခေါ်ဆောင်သွားပြီး ကျောက်ခဲဖြင့် ထုသတ်ခဲ့သည့် မြန်မာနိုင်ငံသား တရားခံ အောင်စိုးလင်းကို ထိုင်းရဲတပ်ဖွဲ့က CCTV မှတ်တမ်းများမှခြေရာခံကာ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်များအရ သိရသည်။
ဇွန်လ ၃ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဆူရတ်ထာနီခရိုင်၊ ကန်ကျနဒစ်မြို့နယ်ရှိ ဆူရတ်ထာနီ-နခွန်စီထမ္မရတ် လမ်း ဘေးမြက်တောတွင်ဦးခေါင်းကို ထုရိုက်ထားသော ဒဏ်ရာများစွာဖြင့် သေဆုံးနေသော အသက် ၂၇ နှစ်အရွယ် မြန်မာအမျိုးသမီး မအိအိဖြူ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရသဖြင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြု လုပ်ခဲ့ပြီး၊ အလောင်းအနီးတွင် သွေးစွန်းနေသော အမျိုးသားဝတ်အင်္ကျီနှင့် သူမ၏ ဆိုင်ကယ်ကိုပါ ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ထိုင်းရဲတပ်ဖွဲ့က နယ်မြေအတွင်းရှိ CCTV မှတ်တမ်းများကို ရှာဖွေစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူ အသက် ၂၇ နှစ်အရွယ် မြန်မာနိုင်ငံသား အောင်စိုးလင်းကို ၎င်းနေထိုင်ရာ အခန်းအတွင်း၌ သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းချက်အရ တရားခံ အောင်စိုးလင်း၏ အခင်းဖြစ်သောညက မအိအိဖြူနှင့် အတူတွေ့ဆုံခဲ့ပြီးနောက် ဘီယာအတူသောက်ရန် အိမ်မှထွက်ခွာလာကြပြီး လမ်းတွင် စကားများရန်ဖြစ်ကြကြောင်း၊ ယင်းနောက် အောင်စိုးလင်းက ကျောက်ခဲဖြင့် သူမ၏ဦးခေါင်းကို ထုရိုက်ခဲ့ပြီး ထွက်ပြေးသွားခဲ့ကြောင်း၊ ထို့နောက် တရားခံ အောင်စိုးလင်း အခင်းဖြစ်ပွားရာနေရာသို့ နောက်တစ်ကြိမ် ထပ်မံလာရောက်ပြီးသက် သေဖျောက်ရန် သူမ၏ဆိုင်ကယ်ကို မြောင်းထဲသို့ တွန်းချကာ မအိအိဖြူကို ကျောက်ခဲဖြင့် ထပ်မံ၍ ထုရိုက်ခဲ့ကြောင်း ဝန်ခံထွက်ဆိုထားသည်။
ထိုင်းရဲတပ်ဖွဲ့က တရားခံကို အခင်းဖြစ်ပွားရာနေရာသို့ ခေါ်ဆောင်သွားပြီး သက်သေခံချက်များ ရယူရာတွင် လမ်းဘေးမြောင်းထဲ၌ သွေးများပေနေသည့် ကျောက်ခဲနှင့်အတူ သေဆုံးသူ၏ ဆွဲကြိုးတစ်ကုံးကိုပါ ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း၊ တရားခံ အောင်းစိုးလင်းက မအိအိဖြူကို အဓမ္မပြုကျင့်ရန် လိမ်လည်ခေါ်ဆောင်သွားပြီး မအောင် မြင်ခဲ့၍ သတ်ခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကောက် ချက်ချကာ ဆက်လက်စစ်ဆေးမှုများပြုလုပ်မည်ကြောင်း သိရသည်။
လက်ရှိချိန်တွင် တရားခံ အောင်စိုးလင်းကို ကန်ကျနဒစ်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး လူသတ်မှု ပြစ်မှုဆိုင်ရာပုဒ်မများဖြင့် ထိုင်းဥပဒေအရ ပြစ်ဒဏ်ချမှတ်နိုင်ရေး ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်





