ရန်ကုန်၊ ဇွန် ၅
မကွေးတိုင်း၊ မင်းတုန်းမြို့မှ ရခိုင်ရိုးမသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို AA နှင့် တော်လှန် ရေးပူးပေါင်းတပ်က ၄ ရက်ဆက်တိုက် ကြားဖြတ် တိုက်ခိုက်ခြင်းကြောင့် စစ်ကြောင်း တစ်ခုလုံး ပျောက်ဆုံးနေပြီး အလံဖြူထောင်သူများလည်း များပြားနေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလလယ်ပိုင်းအတွင်းမှ စတင်၍ မင်းတုန်းမြို့နယ်အတွင်းကို အကြမ်းဖက် စစ်တပ်က အင်အား ၁၀၀၀ ခန့် တပ်အင်အားဖြည့်တင်းပြီးနောက် မေလကုန်ပိုင်းမှ စတင်ကာ ရခိုင်ရိုးမဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ထိုစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များ ဆက်တိုက်လိုက်လံ တိုက်ခိုက်ခဲ့ပြီး စစ်ကြောင်းတစ်ခုလုံး တပ်ပျက်ကာ ပျက်စီးပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
ထိုစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များ မေလ ၃၀ ရက်နေ့မှ စတင်ကာ ဇွန်လ ၂ ရက်နေ့ထိ ကြားဖြတ် တိုက် ခိုက်ခဲ့ပြီး တိုက်ပွဲများ ဆက်တိုက်ပြင်းထန်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ၄၀၀ ကျော်ခန့်ရှိပြီး လက်နက်ချ အလံဖြူထောင်သူ ၁၀၀ ခန့်ရှိကြောင်း သိရှိရသည်။
“မင်းတုန်းကနေ ရခိုင်ရိုးကို တက်သွားတဲ့ စစ်ခွေးစစ်ကြောင်းထဲက ၄၀၀ လောက် အကျအဆုံးနဲ့ ထိခိုက်တာတွေရှိတယ်။ ထွက်ပြေး အလံဖြူထောင်တာလည်း ၁၀၀ လောက်ရှိတယ်။ တိုက်ပွဲက မေလ ၃၀ ရက်နေ့ကတည်းက စဖြစ်နေတာ ဇွန် ၂ ရက်နေ့ထိကို တောက်လျောက် ပြင်းထန်ခဲ့တာ အခုကြားထားတာတော့ စစ်ကြောင်းတစ်ခုလုံး တပ်ပျက်ပြီး ရိုးမထဲမှာ ပျောက်ဆုံးနေတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိချိန်တွင် ထိတွေ့တိုက်ပွဲများ ရပ်တန့်ထားသည်မှာ ၂ ရက်ခန့်ရှိပြီဖြစ်ပြီး စစ်တပ်က စစ်ကူစစ်ကြောင်းများ ထပ်မံ ပို့ဆောင်လာပါက တိုက်ပွဲများ ဆက်လက် ပြင်းထန်လာနိုင်ကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။
ထိုစစ်ကြောင်းသည် မေလ ၂၃ ရက်နေ့တွင် မင်းတုန်းမြို့ ရခိုင်ရိုးမအခြေ၌ရှိသော ပြောင်းရွာဘက်ကို အင်အား ၄၀၀ ခန့်ဖြင့် ဝင်ရောက်လာကာ အခိုင်အမာတပ်စွဲထားပြီးနောက် မြို့ပေါ်မှ ရိက္ခာနှင့် ခဲယမ်းများဖြည့်တင်းကာ ရခိုင်ရိုးမဘက်ကို စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် စစ်တပ်က မင်းတုန်းမြို့ပေါ်တွင် အင်အားစုဖွဲ့မှုများ ထပ်မံ ပြုလုပ်နေကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ပြောင်းရွာကို မတ်လ ၁ ရက်နေ့တွင် စစ်တပ် လေယာဉ် ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကုန်တင်ကုန်ချ ပြုလုပ်နေသော အမျိုးသား ၂၃ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ပြည်သူ ၂၅ ဦးသေဆုံးခဲ့ပြီး ပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ- ရခိုင်တွင် အလံဖြူထောင်ခဲ့ကြသော စစ်သားများ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။




