25.7 C
Yangon

မြန်မာစစ်အုပ်စု၏ ကျောထောက်နောက်ခံ စီးပွားရေး လုပ်ငန်းကြီးများအပေါ် အရေးယူမှုများ လုပ်ဆောင်ရန် ဂျပန်နှင့် တောင်ကိုရီးယား အလုပ်သမားသမဂ္ဂများက လှုပ်ရှားတောင်းဆို

Must read

ရန်ကုန်၊ ဇွန် ၇

အကြမ်းဖက် မြန်မာစစ်အုပ်စု၏ ကျောထောက်နောက်ခံ စီးပွားရေး လုပ်ငန်းကြီးများအပေါ် အရေးယူမှုများ လုပ်ဆောင်ရန် ဂျပန်နှင့် တောင်ကိုရီးယား အလုပ်သမားသမဂ္ဂများက လှုပ်ရှားတောင်းဆိုနေကြောင်း Justice For Myanmar က အသိပေး ထုတ်ပြန်ထားသည်။

ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများရှိ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် နိုင်ငံတကာပြည်သူ့ဝန်ဆောင်မှု (PSI) ၏ နိုင်ငံအဆင့်ညှိနှိုင်းရေးကော်မတီများသည် တရားမဝင် မြန်မာစစ်အုပ်စုကို ကျောထောက်နောက်ခံပြုနေသော စီးပွားရေးလုပ်ငန်းကြီးများကို အရေးယူဆောင်ရွက်ရန် တောင်းဆိုနေကြပြီကြောင်း၊ ယင်းသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ အမြင့်ဆုံးသော အရေးယူဆောင်ရွက်မှုအဆင့်ဖြစ်သည့် ILO ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၃ အရ မြန်မာစစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ရန် ပြီးခဲ့သည့်နှစ်က ဆုံးဖြတ်ခဲ့ပြီးနောက် ယခုကဲ့သို့ လှုပ်ရှားအရေးယူမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

PSI ဂျပန်ကောင်စီသည် KDDI Corporation၊ Sumitomo Corporation နှင့် ၎င်းတို့၏ အလုပ်သမား သမဂ္ဂများထံ တိုက်ရိုက် စာရေးသားပေးပို့ခဲ့ပြီး KDDI နှင့် Sumitomo တို့သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ ပူးတွဲလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေကြောင်း၊ MPT သည် စစ်အုပ်စုက တရားမဝင် ထိန်းချုပ်ထားသော နိုင်ငံပိုင်လုပ်ငန်းတစ်ခုဖြစ်ပြီး ၎င်းကို စစ်အုပ်စုက စောင့်ကြည့်ထောက်လှမ်းရေးနှင့် သတင်းအချက်အလက် ဆင်ဆာဖြတ်တောက်ရေး ကိရိ ယာတစ်ခုအဖြစ် အသုံးပြုလျက်ရှိသည်။

KDDI နှင့် Sumitomo တို့ရှိ အလုပ်သမားသမဂ္ဂများအနေဖြင့် စီမံခန့်ခွဲရေးကောင်စီ အစည်းအဝေးများတွင် အဆိုပါကိစ္စကို တင်ပြဆွေးနွေးရန်နှင့် ၎င်းကုမ္ပဏီများ၏ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုစိစစ်မှုများကို ရှင်းလင်းပြောကြားရန် အပါအဝင် မြန်မာနိုင်ငံမှ လုပ်ငန်းများ ရုပ်သိမ်းရေး စဉ်းစားမှုအပေါ် ၎င်းတို့၏ ရပ်တည်ချက်ကို မေးမြန်းရန် PSI ဂျပန်ကောင်စီ က တိုက်တွန်းတောင်းဆိုထားသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ” MPT ဟာ အရပ်သားတွေကို စောင့်ကြည့်ဖို့၊ ဖမ်းဆီးဖို့၊ ညှဉ်းပန်းနှိပ်စက်ဖို့နဲ့ သတ်ဖြတ်ဖို့တွေအတွက် လက်ရှိအသုံးပြုနေတဲ့ စစ်တပ်ရဲ့ ဒစ်ဂျစ်တယ်ထိန်းချုပ်မှုယန္တရားရဲ့ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ Sumitomo နဲ့ KDDI တို့ရဲ့ MPT နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်နေမှုက မြန်မာပြည်သူတွေအတွက်သာမက လူ့အခွင့်အရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုတွေအတွက် နိုင်ငံတကာဥပဒေအရပါ တာဝန်ခံရနိုင်ခြေ ရှိတဲ့အတွက် ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအပေါ်မှာလည်း အန္တရာယ်ဖြစ်စေပါတယ်။ သူတို့အနေနဲ့ MPT နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ချက်ချင်းအဆုံးသတ်ပြီး တာဝန်သိစွာ ထွက်ခွာသင့်ပါတယ်” ဟု ပြောဆိုထားသည်။

PSI ကိုရီးယားကောင်စီသည် နိုင်ငံအဆင့်ပင်စင်ဝန်ဆောင်မှုအဖွဲ့ (National Pension Service – NPS) ထံ စာရေးသားပေးပို့၍ POSCO ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းရန် တိုက်တွန်းတောင်းဆိုထားကြောင်း၊ POSCO သည် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် Myanma Economic Holdings Limited (MEHL) နှင့် သံမဏိဖက်စပ်လုပ်ငန်းတစ်ခုကို လုပ်ကိုင်လျက်ရှိပြီး၊ POSCO ၏ လက်အောက်ခံကုမ္ပဏီ POSCO International သည် စစ်အုပ်စုအတွက် အဓိက နိုင်ငံခြားဝင်ငွေရင်းမြစ်တစ်ခုဖြစ်သော ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကို လုပ်ကိုင်လျက်ရှိသည်။

ယခုဆောင်ရွက်မှုများသည် စစ်အုပ်စုထံ ဘဏ္ဍာငွေ၊ စစ်လက်နက် သို့မဟုတ် နည်းပညာများ ပံ့ပိုးပေးနေသည့် PTT/PTTEP၊ GAIL၊ ONGC၊ BEL၊ Sinotruk နှင့် AviChina တို့ အပါအဝင် Justice For Myanmar က ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းရန် ဖော်ထုတ်ထားသည့် ကုမ္ပဏီများအပေါ် ပစ်မှတ်ထားလုပ်ဆောင်သည့် PSI ၏ ပိုမိုကျယ်ပြန့်သော ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး အဆိုပါကုမ္ပဏီများ၏ အစုရှယ်ယာများတွင် ကမ္ဘာတစ်ဝန်းရှိ အလုပ်သမားများ၏ ပင်စင်ရန်ပုံငွေများကို ရင်းနှီးမြှုပ်နှံထားမှုများလည်း ရှိနိုင်ကြောင်း သိရသည်။

အလုပ်သမားများ၏ အငြိမ်းစားဘဝအတွက် စုဆောင်းငွေများသည် မြန်မာစစ်အုပ်စု၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများကို ငွေကြေးထောက်ပံ့ပေးနေခြင်း လုံးဝမဖြစ်သင့်ကြောင်း Justice For Myanmar က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article