27 C
Yangon

မြစ်ကြီးနား ခလရ ၂၁ ယာယီတပ်ရင်းမှူး ဗိုလ်မှူးကျော်စွာဟိန်းနှင့် ဇနီးတို့က တပ်တွင်းစက်သုံးဆီနှင့် ရိက္ခာခွဲတမ်းများကို ခိုးထုတ်ရောင်းချပြီး PDF ဒရုန်းရန်ကြောက်၍ ပြင်ပတွင် အပ်နှံထားဟု လိမ်လည်တင်ပြ

Must read

ရန်ကုန်၊ ဇွန် ၂၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အခြေစိုက် အကြမ်းဖက်နှိမ်နင်းရေးတပ် ခလရ ၂၁ ၏ ယာယီတပ်ရင်းမှူး ဗိုလ်မှူးကျော်စွာဟိန်းနှင့် ဇနီး ချိုလွင်တို့က တပ်ရင်းပိုင် စက်သုံးဆီများနှင့် အရန်ရိက္ခာဆန်များကို ခိုးထုတ်ရောင်းစားပြီး PDF ဒရုန်းရန်ကို ကြောက်ရွံ့၍ ပြင်ပတွင် အပ်နှံထားသည်ဟု လိမ်လည်တင်ပြထားကြောင်း တပ်တွင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မြစ်ကြီးနားအခြေစိုက် ခလရ ၂၁ တပ်ရင်းကို နေပြည်တော်စစ်ရုံးအတွင်းရှိ အထူးတပ်ဖွဲ့ကွပ်ကဲမှုအဖွဲ့မှ ဗိုလ်မှူး ကြီးစိန်မောင်လင်း၏ တိုက်ရိုက်ကွပ်ကဲနေပြီး ယာယီတပ်ရင်းမှူး ဗိုလ်မှူးကျော်စွာဟိန်းက တပ်အတွက် ချထားပေးသည့် မော်တော်ယာဉ်များတွင် အသုံးပြုရန်အတွက် ခွဲတမ်းရရှိသည့် စက်သုံးဆီများအားလုံးကို အကုန်လုံး ခိုးထုတ်ရောင်းစားလိုက်ကြောင်း သိရှိရသည်။

လက်ရှိတွင် တပ်တွင်းအရန်ဆီ ၃ လစာခန့်အထိ အကြွေးတင်နေသောကြောင့် အခြားတပ်ဖြစ်သော စစ်ဆင်ရေးစွမ်းရည်မြှင့်တင်ရေးတပ် တိုက်စည်း -၃ ထံမှ စက်သုံးဆီများ ချေးငှား၍ သုံးစွဲနေရကြောင်း သိရှိရသည်။

ခလရ ၂၁ ၏ စက်သုံးဆီများ ပျောက်ဆုံးနေမှုကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်အရာရှိကြီးများက လာရောက်စစ်ဆေးချိန် ဗိုလ်မှူးကျော်စွာဟိန်းက PDF ၏ ဒရုန်းရန် ကြောက်ရွံ့သဖြင့် စစ်တပ်အတွင်း စက်သုံးဆီမထားရှိတော့ဘဲ မြစ်ကြီးနားမြို့ပေါ် “ဧရာဝဏ်ဆီဆိုင်” တွင် သွားရောက်အပ်နှံထားပါသည်ဟု လိမ်လည်တင်ပြသည်။

ထို့အပြင် အထက်မှလာရောက်မေးမြန်းပါက စက်သုံးဆီများကို ခလရ ၂၁ က လာရောက် အပ်နှံထားပါသည်ဟု လိမ်လည်ပြောဆိုပေးရန်အတွက် ဧရာဝဏ်ဆီဆိုင် မန်နေဂျာကိုလည်း ဗိုလ်မှူးကျော်စွာဟိန်းက ခြိမ်းခြောက်ထားကြောင်းသိရှိရသည်။

ဗိုလ်မှူးကျော်စွာဟိန်းသည် တပ်တွင်းအရန်ရိက္ခာဆန်များကိုလည်း အကုန်လုံး ခိုးထုတ်ရောင်းပစ်ခဲ့သည့်အပြင်၊ တပ်ထဲတွင်ရှိသည့် ကျွန်းပင်များကိုလည်း ဘန်ကာဆောက်လုပ်ရန် အကြောင်းပြချက်ဖြင့် ခုတ်လှဲရောင်းချခဲ့ကြောင်း၊ နေရာအနည်းငယ်ကိုသာ ဘန်ကာဆောက်ပြကာ ကျန်ရှိသောကျွန်းသားများကို တစ်တောလုံး အပြတ်ရှင်းစနစ်ဖြင့် ထပ်မံရောင်းစားခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။

တပ်ရင်းမှူး ကျော်စွာဟိန်းက စီးပွားရေး သောင်းကျန်းနေချိန် တပ်ရင်းမှူး ဇနီးဖြစ်သူ ချိုလွင်ကလည်း တပ်တွင်းအခြားအဆင့် ရဲဘော်ဇနီးသည်များကို ရိုင်းစိုင်းစွာ ဆဲဆိုကြိမ်းမောင်းခြင်း၊ ၎င်း၏နေအိမ်တွင် မိုးလင်းမှ မိုးချုပ်၊ တချို့ရက်များတွင် အိမ်ပြန်မအိပ်ရသည့်အထိ ကျွန်များကဲ့သို့ ခိုင်းစေနေကြောင်း သိရှိရသည်။

၎င်းတို့ခိုင်းစေသည်ကို မလုပ်ဆောင်ပေးသူများရှိပါက ယာယီတပ်ရင်းမှူး လင်တော်မောင်မှတစ်ဆင့် အဆိုပါရဲဘော်များကို တပ်တွင်းတွင် လုပ်ငန်းခွင်ဖိနှိပ်ခြင်း၊ ပြဿနာအမျိုးမျိုး ရှာခြင်းများ ပြုလုပ်ခိုင်းလေ့ရှိကြောင်း တပ်သတင်းရင်းမြစ်က ဆိုသည်။

“လင်က တပ်ရင်းမှူးဆိုပြီး ရှိသမျှ ၊ ချထားပေးသမျှ အကုန် ခိုးထုတ်ရောင်း၊ မိန်းမကလည်း တပ်ရင်း မှူးကတော်ဆိုပြီး ကိုယ့်အဖွား၊ အမေအရွယ် ဆရာကြီး/အကြပ်ကြီး(တပ်ကြပ်ကြီးအဆင့်) ဇနီးတွေကိုပါ အိမ်ခေါ် ထမင်းချက် ထမီလျှော်ခိုင်း၊ တံမြစ်စည်းလှဲခိုင်း။ စိတ်တိုင်းမကျရင် အရမ်းကို ဆဲတာ။ တိုင်လို့ လာစစ်ရင်လည်း သူတို့ အရှိန်အဝါနဲ့ရအောင် ဖုံးတယ်။ လာစစ်တဲ့သူကို လာဘ်ထိုးတယ်” ဟု တပ်သတင်းရင်းမြစ်က ရှင်းပြသည်။

တပ်ရင်းမှူး ကတော် ချိုလွင်က ညနေပိုင်း ၎င်း၏ခင်ပွန်းနှင့်အပြိုင် အရက်သောက်လေ့ရှိပြီး၊ မူးယစ်လာပါက တပ်ရင်းအတွင်း ပြဿနာရှာကြောင်း ၊ခင်ပွန်းဖြစ်သူ ဗိုလ်မှူးကျော်စွာဟိန်းကလည်း ဇနီးဖြစ်သူကို ကြောက်ရွံ့ရသဖြင့် ဇနီးဖြစ်သူ ပြဿနာရှာ၍ စိတ်တိုတိုင်း အောက်ခြေလက်အောက်ငယ်သားများကို ပြန်လည်ဖိနှိပ်ခြင်းမျိုးများ ပြုလုပ်လေ့ရှိကြောင်း သိရှိရသည်။

ဗိုလ်မှူးကျော်စွာဟိန်းက ၎င်း၏ အမိန့်ကို မနာခံသူများနှင့် ကလန်ကဆန်လုပ်သူများကို ရှေ့တန်းပို့ခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article