ရန်ကုန်၊ ဇူလိုင် ၁
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် နိုင်ငံတကာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး စံနှုန်းများ (AML/CFT) ကို အမှန်တကယ် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရန်ထက် ပြည်သူများ၊ နိုင်ငံရေးအတိုက်အခံများ၊ အရပ်ဘက်အဖွဲ့အစည်းများ (CSOs) နှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGOs/NPOs) ၏ ဘဏ္ဍာရေးနှင့် ငွေကြေးစီးဆင်းမှုကို ထိန်းချုပ်ရန် နိုင်ငံရေးလက်နက်တစ်ခုအဖြစ် အသုံးချနေကြောင်း စင်ကာပူအခြေစိုက် ISEAS – Yusof Ishak Institute က ဇူလိုင် ၁ ရက်နေ့တွင် သတိပေးသည်။
ISEAS – Yusof Ishak Institute ၏ Myanmar Studies Programme မှ ဧည့်သုတေသီနှင့် Catalyst Economics ၏ Research Lead ဖြစ်သူ Jared Bissinger က ထိုသို့ သတိပေးလိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီက FATF ၏ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပြသနေသော်လည်း လက်တွေ့တွင် ယင်းစည်းမျဉ်းများကို အာဏာတည်မြဲရေးနှင့် နိုင်ငံခြားငွေ ထိန်းချုပ်ရေးအတွက် အလွဲ သုံးစားလုပ်နေကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
မြန်မာနိုင်ငံမှာ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် FATF ၏ Blacklist ထဲသို့ ထည့်သွင်းခံခဲ့ရပြီး လက်ရှိအချိန်အထိ Basel AML Index အရ ကမ္ဘာပေါ်တွင် ငွေကြေးခဝါချမှု အန္တရာယ်အမြင့်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံထားရဆဲဖြစ်သည်။
စစ်ကောင်စီသည် FATF စည်းမျဉ်းများကို လိုက်နာနေသည်ဟု နိုင်ငံတကာသို့ ပြသနေသော်လည်း မြန်မာနိုင်ငံအတွင်း ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှုနှင့် တရားမဝင်ငွေကြေးလည်ပတ်မှုများမှာ ဆက်လက်ကျယ်ပြန့်နေဆဲဖြစ်ကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။
စစ်ကောင်စီက ဟွန်ဒီ (Hundi) ငွေလွှဲလုပ်ငန်းများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအမည်ဖြင့် အကြီးအကျယ် ဖမ်းဆီးအရေးယူနေသော်လည်း ယင်း၏ အဓိကရည်ရွယ်ချက်မှာ ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများကို စစ်ကောင်စီထိန်းချုပ်ထားသည့် ဘဏ်စနစ်အတွင်းသို့ အတင်းအကျပ် သွပ်သွင်းပြီး နိုင်ငံခြားငွေကို ထိန်းချုပ်ရန်ဖြစ်ကြောင်း သိရှိရသည်။
စစ်ကောင်စီက ပြင်ပဈေးကွက်ထက် များစွာနိမ့်သည့် တရားဝင်ငွေလဲနှုန်းကို သတ်မှတ်ထားပြီး ပို့ကုန်ရငွေများ၏ တစ်စိတ်တစ်ပိုင်းကို အစိုးရသတ်မှတ်ဈေးဖြင့် မဖြစ်မနေ လဲလှယ်ခိုင်းသလို၊ ပြည်ပရောက်မြန်မာလုပ်သားများကိုလည်း လစာ၏ ၂၅ ရာခိုင်နှုန်းအား တရားဝင်ဘဏ်လမ်းကြောင်းမှတစ်ဆင့် မဖြစ်မနေ လွှဲပြောင်းစေခြင်းများ ပြုလုပ်နေကြောင်း ထောက်ပြထားသည်။
ယင်းကဲ့သို့သော စီးပွားရေးမူဝါဒများကြောင့် လုပ်ငန်းရှင်များနှင့် ပြည်သူများသည် ဟွန်ဒီစနစ်နှင့် တရားမဝင်နယ်စပ်ကုန်သွယ်ရေးကို မဖြစ်မနေ အသုံးပြုလာရသော်လည်း စစ်ကောင်စီက ထိုစနစ်များကိုပင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအကြောင်းပြကာ နှိမ်နင်းနေခြင်းမှာ မိမိတို့ကိုယ်တိုင် ဖန်တီးထားသည့် ပြဿနာကို အကြောင်းပြပြီး ထိန်းချုပ်မှုတိုးချဲ့နေခြင်းသာဖြစ်ကြောင်း ISEAS က သုံးသပ်ထားသည်။
စစ်ကောင်စီက အကြမ်းဖက်မှုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (CFT) ဥပဒေများကိုလည်း နိုင်ငံရေးအတိုက်အခံများနှင့် အရပ်ဘက်အဖွဲ့အစည်းများကို ဖိနှိပ်ရန် အသုံးပြုနေကြောင်း ဖော်ပြထားသည်။
အာဏာသိမ်းပြီးနောက် NGO များ၏ ဘဏ်အကောင့်များကို ပိတ်သိမ်းခြင်း၊ အသင်းအဖွဲ့မှတ်ပုံတင်ဥပဒေသစ်ဖြင့် NGO နှင့် NPO များအပေါ် စောင့်ကြည့်ထိန်းချုပ်မှုများ တိုးမြှင့်ခြင်း၊ ပြည်ပမှ ရန်ပုံငွေလွှဲပြောင်းမှုများကို ကန့်သတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဆိုသည်။
ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ CRPH နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို “အကြမ်းဖက်အဖွဲ့” အဖြစ် သတ်မှတ်ကာ ၎င်းတို့နှင့် ဆက်စပ်သည်ဟု ယူဆရသည့် ငွေကြေးလွှဲပြောင်းမှုများကို အရေးယူခြင်း၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဂျင်မီကို ပြည်ပမှ ငွေကြေးရယူ၍ အကြမ်းဖက်မှုကို ထောက်ပံ့သည်ဟု စွပ်စွဲကာ သေဒဏ်ချမှတ်ကွပ်မျက်ခဲ့သည့် ဖြစ်ရပ်ကိုလည်း AML/CFT ဥပဒေများကို နိုင်ငံရေးရည်ရွယ်ချက်ဖြင့် အသုံးချသည့် ဥပမာအဖြစ် ထည့်သွင်းဖော်ပြထားသည်။
ISEAS က ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ၏ National Risk Assessment တွင် NGO/NPO များကို ငွေကြေးခဝါချမှုအန္တရာယ် အနည်းဆုံးအုပ်စုအဖြစ် သတ်မှတ်ထားခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် ယင်းအဖွဲ့အစည်းများကို အဓိကပစ်မှတ်ထား ထိန်းချုပ်နေခြင်းမှာ နိုင်ငံရေးရည်ရွယ်ချက်ဖြစ်ကြောင်း သုံးသပ်ထားသည်။
ထို့ပြင် စစ်ကောင်စီက FATF သို့ လက်စွဲစာအုပ်များ၊ ကြီးကြပ်ရေးစနစ်များနှင့် နည်းပညာပိုင်းဆိုင်ရာ လိုက်နာမှုများကို တင်ပြနေသော်လည်း မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်မှာ စစ်အာဏာသိမ်းပြီးနောက် လွတ်လပ်မှုမရှိတော့သဖြင့် ယင်းလိုက်နာမှုများသည် အနှစ်သာရရှိသည့် ပြုပြင်ပြောင်းလဲမှုမဟုတ်ဘဲ “Performative Compliance” (ဟန်ပြလိုက်နာမှု) သာဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။
FATF အနေဖြင့် မြန်မာနိုင်ငံအပေါ် အကဲဖြတ်ရာတွင် နည်းပညာပိုင်းဆိုင်ရာ လိုက်နာမှုတစ်ခုတည်းကိုသာ အလေးမထားဘဲ စစ်ကောင်စီက AML/CFT ဥပဒေများကို နိုင်ငံရေးအရ ဖိနှိပ်ရန်၊ နိုင်ငံခြားငွေ ထိန်းချုပ်ရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အဟန့်အတားဖြစ်စေရန် မည်သို့အလွဲသုံးစားလုပ်နေသည်ကိုပါ ထည့်သွင်းသုံးသပ်သင့်ကြောင်း အကြံပြုထားသည်။
ထို့အပြင် ဘဏ်စနစ်မရှိသည့် စစ်ဘေးရှောင်ဒေသများတွင် ဟွန်ဒီစနစ်သည် လူသားချင်းစာနာမှုအကူအညီနှင့် ပြည်ပရောက်မြန်မာများ၏ ငွေလွှဲပို့မှုအတွက် တစ်ခုတည်းသော လမ်းကြောင်းဖြစ်နေသဖြင့် အဆိုပါစနစ်ကို အပြင်းအထန် နှိမ်နင်းခြင်းသည် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးထက် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းနှင့် လူသားချင်းစာနာမှုလုပ်ငန်းများကို ပိုမိုထိခိုက်စေကြောင်း ISEAS – Yusof Ishak Institute က သတိပေးထားသည်။




