26.6 C
Yangon

ချောက်မြို့နယ်တွင် ဆက်ကြေးကောက်နေသည့် ရဲနှင့် ပျူစောထီးများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး၊ စစ်တပ်က စစ်ကြောင်းထိုးလာ၍ လောင်းရှည် လမ်းပိုင်းများကို အရေးပေါ် ပိတ်ပင်

Must read

ရန်ကုန်၊ ဇူလိုင် ၁

မကွေးတိုင်း၊ ချောက်မြို့နယ်တွင် ပြည်သူများထံမှ ဆက်ကြေးတောင်းခံနေသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း သခင်ဖိုးလှကြီးစစ်ကြောင်း တာဝန်ခံထံမှ သိရသည်။

ဇွန်လ ၂၉ ရက် နံနက် ၇ နာရီခွဲခန့်တွင် ချောက်မြို့ လမ်းပိုင်းတစ်နေရာ၌ အင်အား ၃၀ ခန့်ရှိသည့် ရဲတပ် ဖွဲ့ဝင်များနှင့် ပျူစောထီးများသည် လမ်းသွားလမ်းလာပြည်သူများနှင့် ကားသမားများကို လက်နက်ပြခြိမ်းခြောက်၍ ငွေကြေးတောင်းခံနေစဉ် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နှစ်ဖက်တိုက်ပွဲမှာ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးကာ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီဘက်မှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခြင်းမရှိကြောင်း၊ တိုက်ခိုက်ခံရသည့် ဂိတ်သို့ မြဝတီဂိတ်နှင့် ဂွေးချိုဘက်မှ စစ်ကူများရောက်ရှိလာသဖြင့် မိမိတို့ရဲဘော်များ အထိအခိုက်မရှိစေရန် စနစ်တကျ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း၊ ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို ဂွေးပင်ဘက်သို့ သယ်ဆောင်သွားကြောင်း သခင်ဖိုးလှကြီးစစ်ကြောင်း တာဝန်ခံက ပြောသည်။

ချောက်မြို့နယ်အတွင်း ပြည်သူများအပေါ် ဖိနှိပ်အနိုင်ကျင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပျူစောထီးများနှင့် စစ်ကြောင်းများကို ဆက်လက်ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

အဆိုပါတိုက်ခိုက်မှုကို မကွေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သခင်ဖိုးလှကြီးစစ်ကြောင်း၊ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ မကွေးခရိုင် ပကဖ တပ်ခွဲ (၁)၊ တပ်ခွဲ (၅)၊ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ခရိုင်၊ မြို့နယ် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တစ်ဖက်တွင်လည်း မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် လောင်းရှည်ဒေသအတွင်း စစ်ရေးအခြေအနေ တင်းမာလာနိုင်သဖြင့် လမ်းပိုင်း ၄ ခုကို ပြည်သူများအနေဖြင့် အသွားအလာ လုံးဝမပြုလုပ်ကြရန် ဂန့်ဂေါခရိုင် တပ်ရင်း ၆ က ဇွန်လ ၂၉ ရက်နေ့ အရေးပေါ်သတိပေးချက် ထုတ်ပြန်ထားသည်။

သတိပေးထားသည့် လမ်းပိုင်းများမှာ လောင်းရှည်–ကပစ (၂၅) လမ်းပိုင်း၊ အင်းဘူး–လောင်းရှည် လမ်းပိုင်း၊ ပိန်းချောင်း–လောင်းရှည် လမ်းပိုင်းနှင့် သီးကုန်း–လောင်းရှည် လမ်းပိုင်း တို့ဖြစ်ပြီး နောက်ထပ်အသိပေးချက် မထုတ်ပြန်မီအထိ ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် မေတ္တာရပ်ခံထားသည်။

ထို့ပြင် လောင်းရှည်ဒေသတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် ဒေသခံပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိပြုရန်၊ လုံခြုံသည့်နေရာများနှင့် ဗုံးခိုကျင်းများကို ကြိုတင်ပြင်ဆင်ထားကြရန်လည်း ဂန့်ဂေါခရိုင် တပ်ရင်း (၆) က အသိပေးထားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်တွင်လည်း စစ်ကောင်စီတပ်က ဆောမြို့နယ် နတ်ကောင်းကျင်းကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ အနည်းဆုံး ၄ ဦးသေဆုံးပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article