ရန်ကုန်၊ ဇူလိုင် ၁
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကြောင့် သေဆုံးသူ စုစုပေါင်း ၁ သိန်း ကျော်ရှိလာပြီဖြစ်ကြောင်း လက်နက်ကိုင်ပဋိပက္ခများကို စောင့်ကြည့်မှတ်တမ်းတင်နေသည့် Armed Conflict Location & Event Data (ACLED) အဖွဲ့က ယနေ့ဇူလိုင် ၁ ရက်နေ့ တွင် သတင်းထုတ်ပြန်သည်။
ACLED ၏ နောက်ဆုံးအချက်အလက်များအရ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလမှစ၍ တိုက်ပွဲများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် အခြားပဋိပက္ခဆိုင်ရာ အကြမ်းဖက်ဖြစ်စဉ်များအတွင်း သေဆုံးသူ စုစုပေါင်း ၁၀၀,၁၁၄ ဦးရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် တရားဝင်သေဆုံးစာရင်း ထုတ်ပြန်ထားခြင်းမရှိသော်လည်း သုတေသီများက လက်ရှိပြည်တွင်းစစ်ကို အာရှဒေသတွင် သေဆုံးမှုအများဆုံး ဆက်လက်ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခအဖြစ် သတ်မှတ်ထားကြသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ဒီမိုကရေစီလိုလားသော ဆန္ဒပြလှုပ်ရှားမှုများကို အင်အားသုံးနှိမ်နင်းခဲ့သည်။ ထို့နောက် ဆန္ဒပြသူအများအပြားသည် မြို့ပြဒေသများမှ ထွက်ခွာ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) ကို ဖွဲ့စည်းကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်လာခဲ့ကြသည်။
ရခိုင်ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုအတွင်း ခင်ပွန်းဖြစ်သူ သေဆုံးခဲ့သည့် အသက် ၄၉ နှစ်အရွယ် ဒေါ်သိန်းအေးနုက “ဒီနာကျင်မှုက အဆုံးမရှိဘူး။ ဒေါသလည်းထွက်တယ်၊ နာကျည်းလည်းနာကျည်းတယ်။ ဒါပေမယ့် ဘယ်သူ့ကို ဒေါသထွက်ရမှန်းတောင် မသိတော့ဘူး။ ကံကြမ္မာလို့ပဲ ဖြေသိမ့်နေရတယ်” ဟု AFP သတင်းဌာနထံသို့ ပြောဆိုသည်။
မကွေးတိုင်းဒေသကြီးမှ တိုက်ပွဲတွင် သေဆုံးခဲ့သည့် လူငယ်တစ်ဦး၏ ဖခင်က “အာဏာသိမ်းမှုသာ မဖြစ်ခဲ့ရင် ကလေးတွေ ကျောင်းတက်နေရမှာပါ။ သားက တော်လှန်ရေးမှာ ပါဝင်ဖို့ အိမ်ကနေ ထွက်သွားခဲ့ပြီး တိုက်ပွဲမှာ ကျဆုံးခဲ့တယ်။ အမြောက်ကျည်တွေ ဆက်တိုက်ကျနေတဲ့အတွက် ဗုဒ္ဓဘာသာဓလေ့အတိုင်းတောင် ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ခွင့်မရခဲ့ဘူး” ဟု ပြောဆိုခဲ့သည်။
ကုလသမဂ္ဂ၏ အချက်အလက်များအရ မြန်မာနိုင်ငံတွင် ပြည်တွင်းနေရပ်စွန့်ခွာသူ ၃ ဒသမ ၇ သန်းကျော်ရှိနေပြီး လူဦးရေ ၅ ဦးလျှင် ၁ ဦးကျော်သည် အစားအစာမလုံလောက်သည့် အခြေအနေကို ရင်ဆိုင်နေရကြောင်း သိရသည်။
ACLED ၏ အဆိုအရ မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့ပေါင်း ၁,၂၀၀ ကျော် လှုပ်ရှားနေပြီး “ကမ္ဘာပေါ်တွင် အဖွဲ့အစည်းအကွဲအပြားဆုံး လက်နက်ကိုင်ပဋိပက္ခ” ဖြစ်လာကြောင်း ဖော်ပြထားသည်။
ACLED အကြီးတန်းသုတေသီတစ်ဦးက ပဋိပက္ခသည် နိုင်ငံအနှံ့သို့ ပျံ့နှံ့သွားပြီး အရပ်သားများအတွက် အလွန်အန္တရာယ်ကြီးမားသည့် အခြေအနေဖြစ်နေကြောင်း ပြောဆိုခဲ့သည်။
၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းထိုးစစ်ဆင်ခဲ့သဖြင့် စစ်ရေးအောင်မြင်မှုများ ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် တရုတ်နိုင်ငံ၏ ထောက်ခံမှုနှင့် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကြောင့် စစ်ကောင်စီဘက်က စစ်ရေးအသာစီး ပြန်လည်ရရှိလာကြောင်း သုံးသပ်သူများက ဆိုသည်။
ထို့အပြင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်ကောင်စီက မဖြစ်မနေ စစ်မှုထမ်းဥပဒေကို အသက်ဝင်စေခဲ့ပြီး ပြည်သူ ၅၀,၀၀၀ ကို စစ်မှုထမ်းရန် စုဆောင်းရန် ရည်ရွယ်ခဲ့သည်။ ရှေ့တန်းတွင် တာဝန်ထမ်းဆောင်ပြီးနောက် ထွက်ပြေးလာသည့် အသက် ၂၀ အရွယ် စစ်မှုထမ်းဟောင်းတစ်ဦးက “စစ်မှုထမ်းတွေက ဘာမှ မလုပ်နိုင်ဘူး။ သေဖို့ပဲ ပို့ခံနေရသလိုပါပဲ။ တစ်နေရာမှာ မသေရင် နောက်တစ်နေရာကို ထပ်ပို့တယ်” ဟု ပြောဆိုခဲ့သည်။
လက်ရှိပြည်တွင်းစစ်ကြောင့် ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ဒုက္ခသည်များ အများအပြား ထွက် ပြေးတိမ်းရှောင်နေရပြီး နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများလည်း ပိုမိုကျယ်ပြန့်လာကြောင်း AFP သတင်းက ဖော်ပြထားသည်။
သတင်းနှင့်ဓာတ်ပုံ-AFP။




