ရန်ကုန်၊ ဇူလိုင် ၁
အာရက္ခတပ်တော် (AA) က ဦးဆောင်ဖွဲ့စည်းထားသည့် အာရက္ခပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က “အာရက္ခလောင်ပေါ်” အမည်ဖြင့် ရခိုင်ထီကို ယနေ့ ဇူလိုင် ၁ ရက်တွင် ပထမဆုံးအကြိမ် စတင်ဖွင့်လှစ်ခဲ့ပြီး ပထမဆု ကျပ်သိန်း ၅၀၀ ကို ကျောက်တော်မြို့တွင် နေထိုင်သည့် ဒေါ်မသန်းယီက ဆွတ်ခူးရရှိသွားကြောင်း သိရသည်။
အာရက္ခလောင်ပေါ် (ရခိုင်ထီ) ပထမအကြိမ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် ကျင်းပခဲ့ပြီး ရခိုင်ရိုးရာ ကျင်သီချင်းနှင့် ကျင်အကများဖြင့် ဖျော်ဖြေဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
AA ၏ ထုတ်ပြန်ချက်အရ ပထမဆု ပေါက်မဲနံပါတ်မှာ ၃၂၃၆၉၂ ဖြစ်ပြီး ဆုကြေးငွေ ကျပ်သိန်း ၅၀၀ ဖြစ်သည်။ ယင်းပထမဆုကို ကျောက်တော်မြို့တွင် နေထိုင်သည့် ဒေါ်မသန်းယီက ဆွတ်ခူးရရှိခဲ့ပြီး ၎င်းဝယ်ယူထားသည့် အာရက္ခလောင်ပေါ်ထီ ၂ စောင်အနက် ၁ စောင်မှာ ပထမဆု ပေါက်မဲဖြစ်ခဲ့ကြောင်း သိရသည်။
ဒုတိယဆု ပေါက်မဲနံပါတ်မှာ ၁၁၆၄၈၂ ဖြစ်ပြီး ဆုကြေးငွေ ကျပ်သိန်း ၃၀၀၊ တတိယဆု ပေါက်မဲနံပါတ်မှာ ၀၇၉၆၄၅ ဖြစ်ပြီး ဆုကြေးငွေ ကျပ်သိန်း ၂၀၀ ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့ပြင် ကျပ်သိန်း ၅၀ ဆု ၆ ဆု၊ ကျပ်သိန်း ၂၀ ဆုများ၊ ကျပ် ၁၀ သိန်းဆုများနှင့် ကျပ် ၅ သိန်းဆုများ အပါအဝင် စုစုပေါင်း ဆုမဲ ၃၉ ဆု ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထီလက်မှတ်များကို ဇွန်လအတွင်း စတင်ရောင်းချခဲ့ပြီး ယနေ့တွင် ပထမဆုံးအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ကာ အာရက္ခလောင်ပေါ် (ရခိုင်ထီ) ကို နောင်တွင်လည်း လစဉ် လ၏ပထမရက်၌ ပုံမှန်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။
AA ၏ အဆိုအရ ထီရောင်းချရရှိသည့် ငွေကြေးများ၏ ၅၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ချီးမြှင့်သွားမည်ဖြစ်ပြီး ကျန် ၅၀ ရာခိုင်နှုန်းကို အာရက္ခပြည်သူများ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ထီပေါက်သူများသည် ဆုငွေများကို ဗဟိုအကောက်ခွန်နှင့် အခွန်ဌာန၊ အာရက္ခလောင်ပေါ်ဌာနခွဲများနှင့် သက်ဆိုင်ရာ မြို့နယ်ထီလက်မှတ်အရောင်းဆိုင်များတွင် ထုတ်ယူနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဆုငွေထုတ်ယူရာတွင် ဆုရထီလက်မှတ်မူရင်း၊ ပါ့စ်ပို့ဓာတ်ပုံ၊ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်) တို့ကို တင်ပြရမည်ဖြစ်ပြီး အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်မရှိသူများအနေ ဖြင့် သက်ဆိုင်ရာဌာန သို့မဟုတ် အဖွဲ့အစည်း၏ ထောက်ခံစာမူရင်းကို တင်ပြရမည်ဖြစ် ကြောင်း သိရသည်။
ကိုယ်စားလှယ်ဖြင့် ဆုငွေထုတ်ယူလိုပါက ကိုယ်စားလှယ်လွှဲစာ၊ ကိုယ်စားလှယ်၏ အိမ်ထောင်စုစာ ရင်းနှင့် မှတ်ပုံတင်တို့ကို တင်ပြရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် မကိုက်ညီပါက ဆုငွေထုတ်ပေးမည်မဟုတ်ကြောင်း AA က သတိပေးထားသည်။
ထို့ပြင် ဆုရထီလက်မှတ် မူရင်းတင်ပြနိုင်မှသာ ဆုငွေထုတ်ယူခွင့်ရရှိမည်ဖြစ်ပြီး ထီလက်မှတ် စုတ်ပြဲပျက်စီးနေခြင်း သို့မဟုတ် ပေါက်မဲနံပါတ်များ မပြည့်စုံတော့ပါက ဆုငွေထုတ်ပေးမည်မဟုတ်ကြောင်း သိရသည်။
ထီလက်မှတ် ပျောက်ဆုံးခြင်း၊ ပိုင်ဆိုင်မှုအငြင်းပွားခြင်း၊ ဝယ်ယူထားကြောင်း အထောက်အထားပြုခြင်း စသည့် အငြင်းပွားမှုများကို လက်ခံစဉ်းစားမည်မဟုတ်ကြောင်းလည်း AA က ထုတ်ပြန်ထားသည်။
ဆုရရှိသူများသည် ဆုဖွင့်ကြေညာသည့်နေ့မှစ၍ တစ်နှစ်အတွင်း ဆုငွေထုတ်ယူရန် လိုအပ်ပြီး သတ် မှတ် ကာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိပါက အဆိုပါဆုငွေကို အခွန်ဘဏ္ဍာအဖြစ် သိမ်း ဆည်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ထို့အပြင် ဆုရရှိသူ သို့မဟုတ် ထီလက်မှတ်ပိုင်ဆိုင်သူသည် ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူနိုင်သည့် ပြစ်မှုတစ်ရပ်ရပ် ကျူးလွန်ထားသည်ဟု ယုံကြည်ရသည့် အကြောင်းအရင်းများရှိပါက ဆုငွေထုတ်ပေးခြင်းကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်းလည်း AA က ထုတ်ပြန်ထားသည်။






