24.8 C
Yangon

ဘူးသီးတောင်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၅ စခန်းဟောင်းဝန်းကျင်ကို စစ်တပ်က လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ရန်ကုန်၊ ဇူလိုင် ၁

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၅) စခန်းဟောင်းနေရာ ဝန်းကျင်ကို အကြမ်းဖက် စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေယာဉ်များဖြင့် ဗုံးကျဲချ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူ ရခိုင်တိုင်းရင်းသား ပရဟိတ သမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် ဘူးသီးတောင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၅) စခန်းဟောင်းတည်ရှိရာ နေရာများနှင့် အနီးဝန်ကျင်ရှိ ကျေးရွာများကို ဂျက်ဖိုက်တာများဖြင့် ဗုံးအလုံးရေ ၁၀ ကျော်ဖြင့် ဆက်တိုက် ကျဲချတိုက်ခိုက်သွားကြောင်း၊ အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုအတွင်း ပြည်သူများထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပျက်စီးမှုအခြေများကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ဒီနေ့ ၁၀ နာရီ ၄၀ မိနစ်လောက်က ဘူးသီးတောင်မြို့နယ် စကခ ၁၅​ နေရာကို အလုံး ၁၀ ​ကျော် လာပစ်သွားတယ်လို့ သိရတယ်။ ​လေယာဥ် အစီးအ​ရေအတွက်​တော့ မသိသေးဘူး။ တစ်စီးထက်​တော့ ပိုပါတယ်။ ဂျက်နဲ့ လာပစ်တာပါ။ ” ဟု စစ်ဘေးရှောင်အရေး ကူညီနေသူ ရခိုင်တိုင်းရင်းသား ပရဟိတသမားက ပြောဆိုသည်။

ရခိုင်ဒေသသတင်းရင်းမြစ် One Nation News ကမူ ယနေ့ စစ်တပ်က အာရက္ခပြည်၊ ဘူးသီးတောင်မြို့နယ်ရှိ အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာတစ်ခုကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မွတ်ဆလင်ကလေးငယ်တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းဖော်ပြသည်။

အဆိုပါလေကြောင်း တိုက်ခိုက်ခံရမှုအတွင်း ဗုံးစထိမှန်၍ ဒဏ်ရာရရှိခဲ့သူမှာ ဝါချီးလားကျေးရွာနေ ဦးဘာဆဲလ်၏ သားဖြစ်သူ အသက် ၁၃ နှစ်အရွယ် မောင်ဆော်တူလာဖြစ်ကြောင်း သိရှိရသည်။

အဆိုပါမူဆလင်ကလေးငယ်သည် ဗုံးစထိမှန်ခဲ့ပြီး ဘယ်ဘက်ပေါင်ရိုးကျိုးကာ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် အဆိုပါကလေးငယ်ကို နီးစပ်ရာ ဆေးခန်းသို အရေးပေါ်ပိုဆောင်ထားပြီး လိုအပ်သည့် ဆေးကုသမှုများ ဆက်လက်ခံယူလျက်ရှိကြောင်း သိရသည်။

အလားတူ ဇွန်လ ၁၇ ရက်နေ့ နေ့လယ် ၃ နာရီအချိန်ခန့်တွင် အကြမ်းဖက်စစ်အုပ်စုမှ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောက်တော်မြိုပေါ် ရပ်ကွက်များနှင့် လမ်းမတော်ကျေးရွာရှိ အများပြည်သူနေထိုင်ရာ နေရာများ၊ ဆေးခန်းနှင့် ယာယီဈေးများကို ဂျက်လေယာဉ် ၄ စီးဖြင့် ၁ နာရီခန့်ကြာ ဗုံးများကြဲချ တိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ ၉ ဦးသေဆုံးပြီး ၁၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဇွန်လ ၂၄ ရက်နေ့ ကလည်း အကြမ်းဖက် စစ်တပ်က မောင်တောမြို့ပေါ်သို့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူ ၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားပြီး၊ ရှင်မြဝါကျွန်းအနောက်ဘက်ကွင်းရှိ ဟိန္ဒူဘာသာဝင်များ နေထိုင်သည့် နေအိမ် ၁၀ လုံးကျော်ခန့် ပျက်စီးသွားကြောင်း သိရသည်။

ဓာတ်ပုံ- ၂၀၂၄ ခုနှစ်အတွင်း ကျောက်ဖြူတွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့စဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article