ရန်ကုန်၊ ဇူလိုင် ၂
အမေရိကန်အစိုးရအနေဖြင့် မြန်မာစစ်တပ်နှင့် အွန်လိုင်းငွေလိမ်ဂိုဏ်း (Scam Center) များ နှိမ်နင်းရေးအတွက် ဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်ရန် စဉ်းစားနေမှုကို ပြင်းထန်စွာ စိုးရိမ်ကြောင်းနှင့် ယင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းသည် စစ်ကောင်စီကို တရားဝင်မှု ပေးသကဲ့သို့ ဖြစ်စေမည်ဟု မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း ၂၅ ဖွဲ့က ဇူလိုင်လ ၁ ရက်နေ့တွင် ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။
အဆိုပါ ကြေညာချက်အရ ဇွန်လ ၂၅ ရက်နေ့တွင် အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ၌ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael DeSombre က အရှေ့တောင်အာရှရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် အမေရိကန်နှင့် ဒေသတွင်းမဟာမိတ်နိုင်ငံများ၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသည့် အရေးကြီးပြဿနာတစ်ရပ်ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း အဆိုပါ ငွေလိမ်လုပ်ငန်းများကြောင့် အမေရိကန်နိုင်ငံသားများထံမှ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံကျော် လိမ်လည်ရယူခံခဲ့ရပြီး ယခင်နှစ်ထက် ၂၅ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ ထို့ပြင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် ကုလသမဂ္ဂက ထုတ်ပြန်သည့် အစီရင်ခံစာအရ ကမ္ဘာတစ်ဝန်းမှ လူပေါင်း ၃၀၀,၀၀၀ ခန့်သည် အရှေ့တောင်အာရှရှိ Scam Center များသို့ လူကုန်ကူးခံခဲ့ရပြီး ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရင်ဆိုင်ခဲ့ရကြောင်း သိရှိရသည်။
ပူးတွဲကြေညာချက်တွင် မြန်မာနိုင်ငံအတွင်းရှိ Scam Center များသည် စစ်ကောင်စီ၏ စစ်ပွဲစီးပွားရေးနှင့် တိုက်ရိုက်ချိတ်ဆက်နေပြီး စစ်ကောင်စီနှင့် ၎င်း၏ မဟာမိတ်အဖွဲ့များက အဆိုပါ ငွေလိမ်လုပ်ငန်းများကို ကာကွယ်ပေးရုံသာမက အကျိုးအမြတ်များကိုပါ ရယူနေကြောင်း၊ ယင်းလုပ်ငန်းများမှ ရရှိသည့် ဝင်ငွေများသည် အရပ်သားများကို တိုက်ခိုက်ရန်၊ ဒီမိုကရေစီကို ဖျက်ဆီးရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ကျူးလွန်နိုင်ရန် အထောက်အကူဖြစ်နေကြောင်း ဖော်ပြထားသည်။
ယင်းအခြေအနေတွင် အမေရိကန်တာဝန်ရှိသူများက ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဂျပန်နိုင်ငံ တိုကျိုမြို့၌ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ အွန်လိုင်းငွေလိမ်ဂိုဏ်း တိုက်ဖျက်ရေးအတွက် ဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း သိရှိရသဖြင့် အလွန်စိုးရိမ်မိကြောင်း အဖွဲ့အစည်းများက ဆိုသည်။
U.S. Campaign for Burma ၏ ဘုတ်အဖွဲ့ဝင် Myra Dahgaypaw က “Scam Center တွေနဲ့ စစ်ကောင်စီဟာ အပြန်အလှန် အမှီပြုနေတဲ့ ဆက်ဆံရေးတစ်ခု ရှိနေပါတယ်။ မင်းအောင်လှိုင်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တာဟာ အမေရိကန်နဲ့ ကမ္ဘာတစ်ဝန်းက လူတွေကို ဒေါ်လာဘီလီယံနဲ့ချီ လိမ်လည်ပြီး ဒုက္ခပေးနေတဲ့ ရာဇဝတ်ဂိုဏ်းကိုပဲ အကူအညီပေးသလို ဖြစ်ပါတယ်။ ဒါဟာ မီးရှို့သူကို မီးငြှိမ်းသတ်ခိုင်းသလိုပါပဲ” ဟု ပြောကြားထားသည်။
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael DeSombre က အမေရိကန်အစိုးရအနေဖြင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့် Scam Center များကို တိုက်ဖျက်နိုင်မည့် နည်းလမ်းအားလုံးကို သုံးသပ်နေကြောင်း၊ ပြီးခဲ့သည့် ငါးနှစ်အတွင်း လက်ရှိမူဝါဒများသည် မြန်မာနိုင်ငံတွင် သတ်ဖြတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မရပ်တန့်နိုင်ခဲ့သဖြင့် မြေပြင်အခြေအနေပြောင်းလဲလာမှုအပေါ် မူတည်ပြီး အကောင်းဆုံးနည်းလမ်းကို ဆက်လက်သုံးသပ်နေကြောင်း ထွက်ဆိုခဲ့သည်။
သို့သော် အဖွဲ့အစည်းများကမူ အဆိုပါ လမ်းကြောင်းသည် အရပ်သားများကို ဆက်လက်တိုက်ခိုက်နေသည့် မြန်မာစစ်ကောင်စီကို မည်သို့မျှ တရားဝင်မှုမပေးသင့်ကြောင်း အလေးအနက် တိုက်တွန်းထားသည်။
ထိုအစား တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) နှင့် ဒေသခံအရပ်ဘက်အဖွဲ့အစည်းများ (CSOs) သည် Scam Center များကို ဖျက်သိမ်းခြင်း၊ လူကုန်ကူးခံရသူများကို ကယ်တင်ခြင်းနှင့် အဆိုပါ ရာဇဝတ်လုပ်ငန်းများ၏ ဆိုးကျိုးများကို မှတ်တမ်းတင်ခြင်းတို့ကို ထိရောက်စွာ ဆောင်ရွက်နေကြကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) က ရှမ်းဒါးပတ် (Shunda Park) အွန်လိုင်းငွေလိမ်စခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီး ထိုနေရာတွင် အတင်းအကျပ် အလုပ်ခိုင်းစေခံထားရသူ ထောင်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ကြောင်းလည်း ထောက်ပြထားသည်။
Karen Women’s Organization (KWO) ဥက္ကဋ္ဌ Naw K’nyaw Paw က “ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းကတော့ Scam Center တွေကို အမှန်တကယ် ဖျက်သိမ်းဖို့ သန္နိဋ္ဌာန်ရှိတဲ့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ အမေရိကန်နဲ့ ဒေသတွင်းအစိုးရတွေ ပူးပေါင်းဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီတော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေဟာ ဒီရာဇဝတ်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ အဆင်သင့်ရှိနေပါတယ်” ဟု ပြောဆိုထားသည်။
အဆိုပါ ပူးတွဲကြေညာချက်ကို ALTSEAN-Burma, Burma Campaign UK ၊ Burma Human Rights Network ၊ Chin Human Rights Organization ၊ Genocide Watch ၊ Progressive Voice ၊ U.S. Campaign for Burma၊ Karen Women’s Organization အပါအဝင် နိုင်ငံတကာနှင့် မြန်မာ့အရေး လှုပ်ရှားသည့် အဖွဲ့အစည်း စုစုပေါင်း ၂၅ ဖွဲ့က ပူးတွဲထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။




